ဘိန်းစားတန်း

၁၉၉၀ ခုနှစ်ကနေ ၂၀၁၀ ခုနှစ် အလွန်ပိုင်းမှာ မြို့ထဲမှာ နေဖြစ်ခဲ့တော့ အမှတ်တရဖြစ်စရာတွေ အများကြီးရှိပေမယ့် အဲဒီထဲက တစ်ခုကတော့ ဘိန်းစားတန်းပါပဲ။ ဘိန်းစားတန်းဆိုပေမယ့် ရုပ်ရှင်ထဲကလို ဘိန်းစားတွေ နှပ်နေတဲ့နေရာတော့ မဟုတ်ဘူးပေါ့။ ပစ္စည်းအတိုအစ အဟောင်းအမြင်းတွေရောင်းတဲ့ ဈေးကို ပြောတာပါ။  တကယ်တော့ ဘိန်းစားတွေ ရှိတာတော့ မဟုတ်ဘူးပေါ့။ ဟိုးအရင်ကတော့ ဘိန်းစားတွေ ဘိန်းငတ်ရင် ရှိတဲ့ပစ္စည်းတွေ ထုခွဲ ရောင်းချတဲ့ နေရာလို့ပြောကြတာပဲ။ ဟုတ်မဟုတ်ကတော့ မသိပါဘူး။ တင်စားပြီးပြောတာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ နေရာကတော့ မဂိုရ်လမ်း နားလောက်ကနေ  သိမ်ကြီးဈေးနား မရောက်မှီအထိ ပစ္စည်းတွေကို ပုံရောင်းလေ့ရှိတယ်။ ပစ္စည်းတွေကတော့ ရေခဲသေတ္တာ အဟောင်းတွေက အစ ၊ မူလီ သေးသေးလေးတွေက အထိ အကြီးအသေး အစုံပါပဲ။

ငယ်ငယ်ကတည်းက အဲဒီနေရာကို ဖြတ်သွားဖြတ်လာ လုပ်နေခဲ့ပေမယ့် အဲဒီလိုခေါ်မှန်းမသိဘူး။ လေးငါးခြောက်တန်း လောက်ရောက်မှ အဖေနဲ့ အပြင်သွားရင်းလာရင်းနဲ့  ဝင်မွှေတော့မှ အဲဒီလို ခေါ်မှန်းသိခဲ့တာ။ အဖေက အဲဒီလိုမျိုး ဈေးထဲမှာ ဝင်ပြီး လျှောက်ကြည့်ရတာ အရမ်းဝါသနာပါတာ။ တခါတလေ မူလီ အသေးလေးတွေ ၊ ရာဘာအစွပ်လိုဟာမျိုးတွေ သူ့အတွက် အသုံးဝင်လောက်ပြီး တန်တယ်လို့ သူထင်ရင် ဝယ်ပြီး ဆောင်ထားလေ့ရှိတယ်။ ပြီးတော့ ကျွန်တော် ကိုလည်း ဒီပစ္စည်းမျိုးက အိမ်မှာ အသုံးလိုတယ်လို့တော့ ခဏခဏ ပြောလေ့ရှိတာပဲ။ ဒါပေမယ့် အမေကတော့ အဲလို မထင်ဘူး။ အဲဒါကြောင့် အမေက အိမ်မှာ ပစ္စည်းရှုပ်လို့ ပွစိပွစိပြောလေ့ရှိပေမယ့် ဆယ်ခါရံ တစ်ခါလိုမျိုး အသုံးတည့်သွားရင် အဖေက အင်မတန် အမှတ်ယူရတာ။ ဒီပစ္စည်းရှိလို့ အပိုမကုန်ဘူး ပေါ့ အဲဒီလိုမျိုး။

pabedan township

တခါတုံးက မှတ်မှတ်ရရ အိမ်မှာ အဝတ်လျှော်စက် ပျက်တာ ဆိုင်ကိုပို့တော့ ရေညှစ်တဲ့ ဝါရှာလဲရမယ် ဆိုပြီး အဖိုးအခ ဇွတ်တောင်းတော့ အဖေက တင်းသွားပြီး သားအဖ နှစ်ယောက် ဘိန်းစားတန်း မနက်ကနေ ညနေ အထိ မွှေ၊ ခြေထောက်တွေ ညောင်းနေတာပဲ။  ကံကောင်းချင်တော့ လဲရမယ့် ဝါရှာနဲ့ ဆိုဒ်နီးစပ် တဲ့ ဝါရှာတွေ့တော့ နည်းနည်းပါးပါး ညှိလိုက်ပြီး အဖေခမျာ ဘယ်လိုကနေဘယ်လို လုပ်လိုက်လဲတော့ မသိပါဘူး အဲဒီ အဝတ်လျှော်စက်က ပြန်ကောင်းသွားပါလေရော။ အဖေက အဲဒီလို ကိစ္စမျိုးဆိုရင် ကြုံတိုင်း ပြန်ပြောပြီး ဂုဏ်ယူလေ့ရှိတယ်။ ကျန်တဲ့သူတွေက ခဏခဏ ကြားရလွန်း တော့ မြင်ပြင်းကတ်ကောင်း ကတ်ပေမယ့်လည်း အလုပ်ဖြစ်နေတော့ မပြောသာဘူးပေါ့။

အဲလိုပြောလို့  ဘိန်းစားတန်းမှာ လွယ်လွယ်ကူကူ ဝယ်လို့ရတယ်လို့တော့ မထင်လိုက်ပါနဲ့။ ပျံကျဈေးသည်တွေ ထုံးစံအတိုင်း လူကိုကြည့်ပြီး ဆော်တာ။ ဝါရင့် ဈေးဝယ်သူ အဖေတောင် တခါတလေ ခံရတဲ့အခါမျိုးရှိတယ်။ အဲဒီအခါကြရင် ငါတော့ အဲဒီကောင် ဈေးတင်ပြီး ရိုက်လိုက်ပြီ ဆိုပြီး တောက်တခေါက်ခေါက်နဲ့ ရေရွတ်လေ့ရှိတာပေါ့။ ကျွန်တော်ကတော့ အစကတော့ အဲဒီကို သွားရရင် အပြန် မဂိုရ်လမ်း ဒေါင့်က မုန့်ဆိုင် တစ်ခုခုက ဥပမာ ပလာတာလိုမျိုး ဝယ်ပြီး ပြန်လာတာ ဆိုတော့ မုန့်စားရတာဆိုတော့ ပျော်တယ်။ ဒါမှမဟုတ် အဖေက စိတ်ကြည်နေရင် မဂိုရ်လမ်းထဲက ဖြစ်ဖြစ် ၂၉ လမ်း အောက်ဘလောက်က ဖြစ်ဖြစ် အရုပ်ဆိုင်မှာ အရုပ်သေးသေးလေး တွေ ဝယ်ပေးလေ့ ရှိတာကိုး နောက်ပိုင်းတော့ မုန့်စားရ မစားရ အရုပ်ဝယ်ရ မဝယ်ရ ဘာမှန်းမသိပေမယ့် ပစ္စည်းတွေကို လျှောက်ကြည့်နေရတာကိုက စိတ်ချမ်းသာနေတာ။ အကျင့်ပါသွားတာလည်း ဖြစ်ကောင်းဖြစ်မှာပေါ့။

Small Parts Market 

ဒါပေမယ့် ကျွန်တော်ကတော့ အဖေလို ကလိရတာ ဝါသနာ တယ်ပြီး မပါလှဘူး။ ဒါပေမယ့် တခါတလေ လျှောက်မေးတာမျိုးပေါ့။ ဒါက ဘာလဲ ဒါက ဘာလဲ စသဖြင့် အခါခါ။ ဒါပေမယ့် ဘိန်းစားတန်းကို လိုမှသွားတယ်တော့လည်း မဟုတ်ပါဘူး။ လမ်းကြုံရင်လည်း သွားလိုက်တာပဲ။ ပျင်းလို့ အိမ်မှာ ဘာမှလုပ်စရာမရှိရင် အဖေက အကြီးကောင် လိုက်ဦးမလား ဆိုပြီးတော့ ခေါ်သွားတာပဲ။ ဒါမှမဟုတ် အဖေက အမေနဲ့စကားများပြီး စိတ်ညစ်ရင်လည်း ကျွန်တော်လက်ကို ဆွဲပြီး ခေါ်သွားတာပဲ။ စိတ်ပြေလက်ပျောက် ဖြစ်ကောင်းဖြစ်မှာပေါ့။ အဖေမှာ တခြားဘာမှ လုပ်စရာမှမရှိတာ။

အခု ဒီဘက်အိမ်ရောက်တော့ ဘိန်းစားတန်းနဲ့လည်း ဝေးသွားတာကြောင့် အဖေလည်း မရောက်တော့ဘူး။ အမေက အမှိုက်ရှုပ်တယ်လို့ ပြောတဲ့ တိုလီမုတ်စတွေလည်း ဝယ်မစုတော့ဘူး။ ဒါပေမယ့် အာကာတို့အိမ်မှာလို့ ရှိတဲ့ပစ္စည်းကို တချိန်ချိန်မှာ အသုံးဝင်လာမယ် မျှော်လင့်ပြီးတော့ စုထားတာမျိုး တော့ရှိတာပေါ့။ Brake အဟောင်းတွေ တာယာတွေ၊ ပျက်သွားတဲ့ ပစ္စည်းတွေရဲ့ မူလီတွေ စသဖြင့် စသဖြင့်ပေါ့။ သို့သော် ကြုံရင်ကြံသလိုတော့ အခါခါ အဖေကတော့ ဘိန်းစားတန်းအကြောင်း ပြောတုံးပါပဲ။ အရင်အိမ်တုံး ကဆိုရင် ဒီပစ္စည်းတွေက အိမ်မှာဆောင်ထားလေ့ရှိပြီး အခု ကြုံနေတဲ့ ပြဿနာအတွက် မည်သို့မည်ပုံ အသုံးဝင်တယ် ဆိုတာမျိုး စသဖြင့်ပေါ့။ မရှိရှိတဲ့ပစ္စည်းနဲ့တော့ အဖေက ကလိ တုံး၊  အမေ အဆိုရဆိုရင် ဖျက်ကန်းနစ် လုပ်တုံးပါပဲ။ ဒါနဲ့ အသက်မွေးဝမ်းကြောင်း လုပ်တဲ့သူ မဟုတ်တာနဲ့ အညီ တခါတလေ ပျက်တာလည်းရှိသလို တခါတလေ ကောင်းတာလည်းရှိတာပေါ့။ ဝယ်မှာလည်းမဟုတ်ပေမယ့်လည်း ကျွန်တော်ကတော့ တခါတလေ ဘာရယ်မဟုတ် စိတ်ပြေလက်ပျောက် ဘိန်းစားတန်းတော့ သွားလည်ချင်တယ်။ ကိုယ်မှာရှိတဲ့ စိတ်အလိုမကျမှုတွေကို ခဏဖြစ်ဖြစ် ဖယ်ခွာနိုင်တဲ့ နေရာကိုး။

Image Credit