ဘယ်လိုအခြေအနေမှာ Freelance လုပ်တာရပ်သင့်လဲ

အကယ်လို့ သင်ဒါတွေကြုံနေရပြီဆိုရင် app/web freelance project လုပ်တာကို လက်လျော့ပြီး ၉-၅ အလုပ်ကို လုပ်သင့်ပါပြီ။

စကားချပ်အနေနဲ့ ကတော့ ကျွန်တော် ဒါတွေအကုန်နီးပါးကို အောင်မြင်စွာ မဖြတ်သန်းနိုင်ခဲ့ပါဘူး။

စိတ်ဓာတ်ကျချင်း

freelance လုပ်ပြီဆိုကတည်းက အများစုဟာ အိမ်မှာ အလုပ်လုပ်ချင်လို့ ဖြစ်ပါတယ်။ code ရေးပြီဆိုရင် လူအုံတာမကြိုက်လို့ တို့ ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းရည်ဟာလည်းအချိန်အခါနဲ့မှပေါ်ထွက်လို့ စတဲ့ အကြောင်းအရာတွေ ကိုယ်စီနဲ့ပါ။ ယေဘုယျအားဖြင့် တစ်ယောက်တည်း နေချင်လို့ ဆိုတာများပါတယ်။စစချင်းသိပ်မသိသာပေမဲ့ ကိုယ်အလုပ်လုပ်နေရင်း တစ်ခုခုလွဲချောသွားတဲ့အခါ ဥပမာအားဖြင့် အလုပ်မှာအခက်တွေ့တာ၊ အသည်းကွဲတာ၊ မိသားစုကိစ္စ စတာတွေပေါ်လာရင် လမ်းမှာအရှိန်နဲ့ပြေးနေတဲ့အချိန် ခဲလုံးနဲ့ခလုတ်တိုက်ပြီးလဲသလိုမျိုး ဖြစ်တဲ့အချိန်ကျရင် အတော်ခံရခက်ပါတယ်။ ကိုယ့်ဘေးနားမှာလဲ ဘယ်သူမှမရှိတော့ ထူမဲ့သူမရှိလို့ စိတ်က ဒီအခြေအနေကို ကျော်လွှားဖို့ အတော်ခက်ပါတယ်။ ကိုယ့်မှာ အပေါင်းအသင်းရှိရင်တောင် သူတို့နဲ့ အဆက်အသွယ်မရှိတော့တဲ့အတွက် သူတို့လည်းကိုယ့်ကို အဆင်ပြေနေတယ် ထင်ထားကြပါတယ်။ ကိုယ်ကလည်း အဲ့အခြေအနေရောက်လာရင် သူတို့ကို စကားသွားမပြောချင်တော့ပါဘူး။ ကိုယ်တွေ့ပါ။

ဘယ်လိုဖြတ်သန်းမလဲ

အဲ့တော့စိတ်ဓာတ်မကျအောင်ဘယ်လိုလုပ်ရမလဲဆိုရင် အနားယူပါ။သူငယ်ချင်းတွေကိုအချိန်ပေးပါ။ ကိုယ်ပျော်တယ်ထင်တာကိုလုပ်ပါ။ တစ်ယောက်တည်း နေတယ်ဆိုရင် ကိုယ့်အခန်းကို အချိန်သီးသန့်ပေးပြီး ရှင်းပါ။ အိမ်နဲ့နေတယ်ဆိုရင် အိမ်ရဲ့အကူအညီတောင်းပါ။ ဇွတ်အလုပ်မလုပ်ပါနဲ့။

နတ်ဝေါခ့်

ခင်ဗျားကိုဘယ်သူမှဒါလေးလုပ်ပေးပါဘယ်လောက်ပေးပါဆိုပြီးအလကားနေကြီးလာမခိုင်းပါဘူး။ ဈေးရောင်းနေတာလည်း မဟုတ်လို့ project တစ်ခုရဖို့ အတွက်ခက်ပါတယ်။ ဒါက နောက်အချက်မှာ သီးသန့် ပြန်ရှင်းပြမယ်။ အခုက နတ်ဝေါ့ခ်ကို ပြောမယ်။ နတ်ဝေါ့ခ်ဆိုတာ လူသိများတာ ပါဘဲ။ ကိုယ် ဘာကောင်လဲဆိုတာ လူသိများတာပါဘဲ။ ကိုယ် ဘာကောင်လဲဆိုတာ လူသိအောင် လုပ်တာတွေကတော့ နည်းလမ်းအမျိုးမျိုး ရှိပါတယ်။ လူအမြင်ကပ်ခံအောင်လုပ်ပြီး လူသိခံမလား၊ ဆရာကြီးလုပ်ပြီးလူသိခံမလား စသည်ဖြင့်နည်းလမ်းတွေရှိပါတယ်။ လူသိအောင်လုပ်တဲ့ နည်းလမ်းတွေကတော့ မှားတယ် မှန်တယ် မရှိပါဘူး။ အချိန်အခါမှန်နေရာမှန် မှာ နည်းလမ်းမှန်ကို အသုံးချတတ်ရင် ကိုယ့်ကို လူချစ်လာတာပါဘဲ။ project တွေဟာ နတ်ဝေါ့ခ်တွေကလာတာပါ။ ကိုယ့်ကိုယ်ကို အင်ထရိုဗက် ဘာညာဂုဏ်ပုဒ်ကြီးတစ်ခု ဝတ်ဆင်ထားသလိုကြီး နေမနေပါနဲ့။ နတ်ဝေါ့ခ်မရှိရင် ပရောက်ဂျက်မရပါဘူး။ ပရောဂျက်မရရင် ပိုက်ဆံမရပါဘူး။ ပိုက်ဆံမရရင် ငတ်ပါတယ်။ ပိုက်ဆံဝင်နေပြီးမှ ရုတ်တရက် မဝင်တော့လို့ မေမေ ဖေဖေ ဆီကနေ လက်ဖြန့်ပြန်တောင်းရရင် ပိုပြီး ခံစားရခက်ပါတယ်။ အဲ့တော့ ကိုယ့်နတ်ဝေါ့ခ်ကို အမြဲတမ်း အကျယ်ချဲ့နေပါ။

ဘယ်လိုဖြတ်သန်းမလဲ

ကျွန်တော်ဆိုရင် developer ဆိုပေမဲ့ ကျွန်တော့်ရဲ့ developer သူငယ်ချင်းတွေကို ဘာ language ညာ  language ဝူးဝါးပြောပြီး သိလာတာမဟုတ်ပါဘူး။ အချို့ဟာ DotA တို့ CS:GO တို့လိုဂိမ်းတွေ ဆော့ရင်းသိလာတယ်။ အချို့ကို anime အကြောင်း ရုပ်ရှင်တွေ အကြောင်း ပြောရင်းသိလာတယ်။ ဆိုလိုချင်တာကတော့ ဒီ field မှာရောက်နေလို့ ဒီ field နဲ့ ဆိုင်တဲ့အကြောင်းဘဲ ပြောပြီး သူငယ်ချင်းဖြစ်ရမယ်လို့ မရှိပါဘူး။ ဟင်းချက်နည်းအကြောင်း facebook မှာ post တင်မယ် ကိုယ် မနေ့က ကြည့်ခဲ့တဲ့ရုပ်ရှင်တွေ ဇာတ်ကားတွေအကြောင်း သူတို့ရဲ့ post တွေ ကိုယ့်ရဲ့ post တွေမှာ အပြန်အလှန်ဆွေးနွေးမယ်။ ကိုယ်ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို စိတ်ဝင်စားစရာကောင်းအောင် ပြန်လည်မျှဝေပေးမယ် ဆိုရင်လည်း developer သူငယ်ချင်းတွေအပြင် ဓာတ်ပုံဆရာ ပန်းချီဆရာတွေပါ ကိုယ့်ကိုယ်သိလာပါတယ်။ အဲ့ကနေပြီး အလုပ်ရှင်တွေ ပြန်ရပါတယ်။ ကျွန်တော်ဆိုရင် ကျွန်တော့်ရဲ့ ပထမဆုံး freelance project ကိုစာသင်ခန်းထဲက ခုံဘေးချင်းကပ်ထိုင်တဲ့ သူက လာအပ်တာပါ။ မှတ်ချက်ကတော့ လူသိအောင် လုပ်တယ်ဆိုတာ လုပ်ဖိုလွယ်ပေမဲ့ စာနဲ့ရေးဖို့ ခက်ပါတယ်။ ဘယ်လို ဖြတ်သန်းမလဲ ဆိုတာကတော့ ကြိုးစားပြီး ရေးထားတာပါ။ ပြန်ဖတ်ကြည့်တော့ cringe တောင်ဖြစ်တယ်။

လူတိုင်းဟာလူခင်ဗျားထင်သလိုမဟုတ်ပါဘူး

လူသိများလာပါပြီရဲ့။ လူတိုင်းဟာ ခင်ဗျားထင်သလိုမဟုတ်ပါဘူး။ အချို့လူတွေရဲ့ သူတို့လုပ်ချင်တယ်ဆိုတဲ့ သူတို့လုပ်ငန်းအတွက် ပရောဂျက်တော်တော်များများဟာ ပါးစပ်ဖျားထဲ အရသာခံပြီး ပြောတဲ့လူတွေ တပုံကြီးပါ။ ဘီယာဆိုင် လက်ဖက်ရည်ဆိုင်မှာ စကားမစပ်ဟို ပရောဂျက်လေးလုပ်ချင်တယ် ဘယ်လောက်သုံးမယ်ဆိုပြီး ပြောတဲ့လူတွေ တွေ့ဖူးပါတယ်။ အဲ့ကစကားလုံးတွေက ဘီယာဆိုင်လက်ဖက်ရည်ဆိုင်မှာဘဲ ကျန်ခဲ့တာများပါတယ်။ တစ်ကယ်အလုပ်အပ်မဲ့လူဆိုရင်သေချာချိန်းတွေ့ အီးမေးလ်ပို့ လုပ်ပါတယ်။ ကိုယ့်လက်ထဲသူတို့စီက ပိုက်ဆံစမရမချင်း ဝမ်းသာလို့ မရသေးပါဘူး။ အချို့လူတွေဆိုရင် ကိုယ့်ရဲ့ကြေးကို သိချင်လို့မေးပြီး အခြားလူသက်သာတဲ့ လူစီအပ်လိုက်တာမျိုးလည်း ရှိပါတယ်။ ဒါဟာ ကိုယ့်ဘက်ကကြည့်ရင် မျှတမှုမရှိဘူးလို့ ထင်ရပေမဲ့ အလုပ်ရှင်ဟာ သူ့စိတ်ကြိုက်လုပ်မှာဆိုတာလည်း ထည့်တွေးထားပါ။ ပရောဂျက်ဆယ်ခုလောက် စကားပြောရင် ဆယ်ခုလောက် လက်လွတ်နေရရင် မဟုတ်သေးပါဘူး။ဒါဟာ ခင်ဗျားစကားပြောတာမှားလို့ ဒါမှမဟုတ် တစ်ခုခုတော့လွဲနေပါပြီ။

ဘယ်လိုဖြတ်သန်းမလဲ

စကားကို အများကြီးမပြောပါနဲ့။ များများပြောလေအမှားပါတတ်လေပါ။ ကိုယ်ဘာလုပ်ပေးနိုင်မလဲဆိုတာကိုဘဲတင်ဆက်ပါ။ ဘာမှ စကားအပိုတွေ မပြောမိပါစေနဲ့။ အလုပ်တစ်ကယ် အပ်မဲ့လူနဲ့ ပြောတဲ့အချိန်မှာ စကားမှားလို့ စိတ်ခုသွားရင် ဂွမ်းသွားနိုင်ပါတယ်။ ဈေးကို အလုပ်အပ်စေချင်လို့ နှိမ်ပြီးမပြောလိုက်ပါနဲ့။ အချိန်ကြာပြီး ရတာနည်းလို့ စိတ်ဓာတ်ကျသွားရင် အဆင်မပြေပါဘူး။ အဲ့တော့ ကိုယ့်ကိုကိုယ်လေးစားပါ။ ကိုယ်ထိုက်သင့်တယ်ထင်တဲ့ ဈေးကိုပြောပြီး ကိုယ့်ကိုဘာလို့ အလုပ်အပ်သင့်တဲ့အကြောင်း ပြောပါ (အပိုတွေမပြောမိပါစေနဲ့အုန်းနော်)။ စိတ်ကိုခိုင်ခိုင်ထား။

နောက်ဆုံးပြောချင်တာ

အပေါ်ကသုံးခုက ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ဟာတွေထဲက အကြီးဆုံးသုံးခုပါ။ ပိစိကွစိ ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကတော့ အခြားလူတွေနဲ့မတူလို့ မပြောတော့ပါဘူး။ ကျောင်းပြီးလို့ freelance လုပ်မယ်သူတွေ အကယ်လို့ ခင်ဗျားဟာသူငယ်ချင်းမရှိလို့ စိတ်ဓာတ်ကျနေရင်၊ ကိုယ့်မှာ အတွေ့အကြုံမရင့်ကျက်သေးလို့ ကိုယ်ဘာလုပ်ခဲ့လဲ လက်စုပ်လက်ကိုင်ပြစရာ မရှိသေးလို့ ကိုယ့်ကို လူတွေသိတာ နည်းနေသေးရင်/လူတွေရဲ့ ယုံကြည်ကိုရဖို့ခက်နေ​နည်းနေသေးရင်၊ လူတွေနဲ့ စကားကောင်းကောင်းမပြောတတ်သေးရင် ၉-၅ ကိုပျော်ပျော်ကြီး ရဲရဲကြီးလုပ်ဖို့ အကြံပေးလိုပါတယ်။ Freelance လုပ်တယ်ဆိုတာ ကျွန်တော့်အတွက်တော့ အတော်ပျော်စရာကောင်းပြီး ခက်လဲ ခက်ခဲခဲ့ပါတယ်။ အပေါ်မှာပြထားတဲ့သုံးခုကို မဖြတ်သန်းနိုင်တော့တဲ့ အချိန်မှာတော့ ကျွန်တော် ၉-၅ စလုပ်ပါတယ်။ freelance တစ်ယောက်အနေနဲ့ ၉-၅ ဘာလို့ ပြောင်းလုပ်သင့်လဲဆိုတဲ့ အချက်လေးတွေလည်း နောက်တစ်ခါရေးပေးပါမယ်။ အမှန်ကတစ်ပုဒ်တည်း အကုန်ထည့်ရေးချင်တာ။ ဒါပေမဲ့ ခေါင်းစဉ်တစ်ခုကွဲသွားလို့ နောက်တစ်ခါ ရေးပေးမယ်နော်။