ဝိုင်းကြီးပတ်လည်

ပုံမှန်အားဖြင့် လူတစ်ယောက် ဒါမှမဟုတ် အကြောင်းအရာ တစ်ခုကို ဖတ်ရင်းကြည့်ရင်းနဲ့ ဆက်စပ်အကြောင်းအရာကို ဖတ်လေ့ဖတ်ထရှိတဲ့ အကျင့်မျိုးက ဒီနေ့ခေတ် အင်တာနက် သုံးတဲ့သူတွေမှာ ရှိလေ့ရှိထ သဘောပါ။ အကျင့်ပါပြီး ကြာလာရင် လူတစ်ယောက် ကြိုက်လေ့ကြိုက်ထရှိတဲ့ အရာနှစ်ခု သုံးခုလောက် ကိုကြည့်လိုက်တာနဲ့ ဒီလူနဲ့ ကိုယ်နဲ့ အဆင်ပြေမပြေ မှန်းကြည့်လို့ရတယ်။ အရှေ့ဘက်က နေဝင်ပြီး အနောက်ဘက်က နေထွက်တယ် ဆိုသလိုတော့ ပကတိ အမှန်တရားလိုမျိုး အတိအကျတော့ မဟုတ်ဘူးပေါ့လေ။ ဒါ့အပြင် ထပ်ပြီး စပ်စုနိုင်တာကိုယ့်နဲ့အကြိုက်တူတဲ့ဖြစ်တဲ့ အတွက် သူကြိုက်တဲ့ ကိုယ်မသိတဲ့ အရာတစ်ခုက ကိုယ့်အတွက် ကြိုက်နိုင်ချေပိုများတယ်။ အဲဒီတော့ ပတ်လည်ရိုက်ရင်းနဲ့ ကိုယ်ကြိုက်တဲ့အရာရဲ့ circle ကို တဖြည်းဖြည်း ချဲ့ယူလို့ရတာပေါ့။

ဥပမာ ကျွန်တော် တစ်ရက် Every Frame a Painting ဆိုတဲ့ youtube channel ကိုကြည့်ရင်းနဲ့ Akira Kurosawa အကြောင်းကို သိလာရင်း သူ့ရုပ်ရှင်တွေသတိထားမိတယ်။ ဟိုတလောက အဖေက သူ့တို့ခေတ်က Sunny Chiba တို့ Henry Sanada တို့ရုပ်ရှင်တွေဒေါင်းခိုင်းရင်းနဲ့ ဂျပန် ဆာမူရိုင်းကားတွေဖြစ်တဲ့ Zatoichi တို့ lone wolf and cub တို့ဒေါင်းပေးရင်းမှ Akira Kurosawa ရဲ့ ရုပ်ရှင်တွေဘက် ပြန်ရောက်လာတယ်။ ဆက်စပ်ပြီး သူ့ အကြောင်း ဝီကီမှာ ဖတ်ရင်းက သူလည်း dostoevsky ရဲ့ ပရိသတ် ၊ ကြိုက်လွန်းလို့ သူ့ရဲ့ The idiot ကို ရုပ်ရှင်ရိုက်လိုက်သေးပေမယ့် မအောင်မြင်ဘူး။ ဒီဘက်ခေတ်ရောက်တော့မှ Seven Samurai တို့ Yojimbo တို့မှ အောင်မြင်ပြီး Hollywood က Dollar Trilogy တို့က အတုခိုးပြီး ရိုက်ယူရတယ်။ သို့သော်လည်း ချခန်းနည်းရှာလို့ အဖေခမျာ မကြိုက်ရှာဘူး။ အဲဒါနဲ့ နောက်ဆုံး ကြံရာမရဖြစ်ပြီး ၂၀၀၃ ခုနှစ်လောက်က ရိုက်တဲ့ Miyamoto Musashi ရဲ့ Documentary ကိုဒေါင်းပေးမှပဲ တပတ်လောက် နားအေးပေတော့တယ်။ အပိုင်းကလည်း ၄၉ ပိုင်းဆိုဖြစ်တဲ့ တစ်ပိုင်းကို ၄၅ မိနစ်လောက်ဆိုတော့ အကြာကြီး ကြည့်လိုက်ရတယ်။ ဒါတောင် တစ်ပတ်အတွင်း ဘယ်လိုပြီးအောင် ကြည့်သလဲတော့ မစဉ်းစားတက် ၊ ကိုယ်သာဆို တစ်ရက် တစ်ပိုင်းနှစ်ပိုင်းလောက်ပဲကြည့်နိုင်ချေမှာ။

အလားတူ အလုပ်နဲ့ပတ်သတ်တဲ့ Douglas Crockford ရဲ့ Javascript The Good Part ကိုဖတ်ရင်းနဲ့မှ “The limits of my language mean the limits of my world ဆိုတဲ့ Quote ကိုသဘောကျရင်းမှ Tractatus Logico-Philosophicus ကိုဖတ်ဖြစ်တယ်။ အဲဒီစာရေးဆရာ ကလည်း dostoevsky ရဲ့ Brother Karamazov ကိုနေ့တိုင်းဖတ်ဖြစ်တယ်ဆိုတော့ ဆက်စပ်ကြည့်မယ်ဆိုရင် ပတ်လည်တွေချည်းပဲ။ ဒီအတိုင်း ဘာမှမဆက်စပ်ပဲ ဖတ်နေရင်းမှ သွားချိတ်မိတာက အတော်လေး ကျွန်တော်အတွက်တော့ ဘာမှမသိတဲ့ပုံတစ်ခုကို အစက်ချ ဆက်စပ်မိသွားသလို အံဩဖို့ကောင်းတယ်။

ထိုနည်းတူပဲ ကျွန်တော် Wittgenstein ကို တရုတ်ကလူတွေ ဘယ်လိုမြင်သလဲ ဆိုတာ သိချင်လို့ google translate ကနေ ဘာသာပြန်ပြီး youtube ကနေ ရှာကြည့်လိုက်တော့ တရုတ်မလေးတစ်ယောက် စာအုပ် review လုပ်တာတွေ့ရင်းနဲ့ သူ့ရဲ့ တခြားစာအုပ်တွေ ဖတ်ကြည့်ရင်းနဲ့ Borges တို့ Mu Xin တို့ကိုပါ သတိထားမိတယ်။ Mu Xin ကတော့ တရုတ်စာရေးဆရာဖြစ်တော့ မြန်မာပြည်နဲ့နီးစပ်ဟန်ရှိပြီး ဒီမှာ ဘာသာပြန်တွေလည်းရှိတယ်။ ဖတ်တော့မကြည့်ရသေးပါဘူး။ Borges ကတော့ သူ့ရဲ့ ဝတ္ထုတိုပေါင်းချုပ်ဖြစ်တဲ့ Labyrinths: ကိုဖတ်ဖြစ်တယ်။ အတော်လေးကို သဘောကျမိတဲ့ စာအုပ်ပါပဲ။ သူ့ရဲ့ ရေးဟန်ကို Kafka ဆန်တယ်လို့ပြောကြပေမယ့် ကျွန်တော်ကြိုက်တာကတော့ သူ့ရဲ့ မှော်ဆန်တဲ့ လောကတည်ဆောက်မှုပါပဲ။ သူ့ရဲ့ ပထမ ဝတ္ထုတိုဖြစ်တဲ့ Tlön, Uqbar, Orbis Tertius မှာဆိုရင် Tlon ဆိုတဲ့ metaphyical လောကကို ဖော်ညွန်းသွားတာ ကြွေစရာပါ။ အဲဒီလောကရဲ့ ဘာသာစကားဖွဲ့စည်းပုံတွေ ၊ သဘာဝလွန်သင်္ချာတွေ ၊ လူမှုအဖွဲ့အစည်း အကြောင်းကို ခေါင်းထဲက မတွေးမိလောက်တာတွေနဲ့ချည်းပဲရေးသွားတာ လုံးဝ အမြင်အသစ်ပါပဲ။

ဒါပေမယ့် ဒီလိုတိုင်း အမြဲတော့လည်း မဟုတ်ပါဘူး။ ဥပမာ Pewdipie စာအုပ် review video တွေကိုကြည့်ရင်းနဲ့ The Diceman ကိုဖတ်ကြည့်ပြီးကြိုက်ပေမယ့် Mishima Yukio ရဲ့ Spring Snow ကြပြန်တော့ ဖတ်ရတာ ပျင်းသလိုဖြစ်နေရော။ အဲဒီထဲမှာတော့ Dazai ရဲ့ No Long Human ကတော့ ဖတ်ပြီးသား။ Theme ချင်းတူပေမယ့် Oyasumi Pun Pun လို Manga ကြတော့လည်း ဖတ်ရင်းပျင်းနေပြန်ရော။ ဖြစ်နိုင်တာက အသက်အရွယ်နဲ့ ကြုံတွေ့ရတဲ့ အဖြစ်အပျက်ပေါ်မူတည်ပြီး ကြိုက်တယ် မကြိုက်ဘူးက ကွာပြန်ဦးမယ် ထင်ပါတယ်။ နောက်တစ်ခုရှိနိုင်တာက ညွန်းတဲ့ စာအုပ်ဖတ်ရင်းနဲ့ ညွန်းတဲ့စာအုပ်ကိုမကြိုက်ပဲ သူ့ရဲ့ counter book ကိုကြိုက်တာလည်း ဖြစ်နိုင်ပါသေးတယ်။ ကျွန်တော် အတွက် ဥပမာကတော့ ကလူပျိုညွန်းတဲ့ Against Empathy ကိုဖတ်ရင်းနဲ့ သူ့ရဲ့ ဆန့်ကျင်ဘက် The Science of Evil ကို ပိုကြိုက်မိသွားသလိုပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကိုယ်သိနေတဲ့ circle က crawler တစ်ခုလို explore လုပ်ရတာတော့ အတော်လေး သဘောကျမိတာပါပဲ။ မိတ်ဆွေတို့ကော ကိုယ်ဖတ်နေတဲ့ နိစ္ဓဓူဝကနေ ဖြန့်ပြီးတော့ လုပ်ဖြစ်တဲ့ လုပ်ရပ်တွေ ဖတ်မိတဲ့စာအုပ်တွေ ၊ ကြည့်မိတဲ့ ရုပ်ရှင်တွေရှိပါသလား။ ရှိရင်လည်း သိပါရစေ။