KZ E10 TWS
လွန်ခဲ့တဲ့ သုံးပတ်လောက်က KZ Earphone အကြောင်း ရေးဖြစ်တော့ သူငယ်ချင်းတစ်ယောက်က Aliexpress ကနေ မှာလိုက်တယ်။ သူမှာတဲ့ model က ကိုယ်ညွန်းဖူးတဲ့့ model နဲ့လည်း မတူ ၊ စမ်းတောင် နားမထောင်ပဲ လှမ်းမှာလိုက်တော့ ကျွန်တော် အနေနဲ့ အဆင်ပြေရောပြေပါ့မလား စိုးရိမ်တာရယ်၊ သူမှာတဲ့ အချိန်က အဲဒီ product က အသစ်နီးပါးလိုဖြစ်နေပြီး review တောင် မယ်မယ်ရရ မထွက်သေးတော့ စိတ်ဝင်စားတာရယ် ဆုံမိတော့ Ubuntu ပွဲမှာ ချိန်းပြီးတော့ သွားစမ်းကြည့်မိတယ်။
သူက Wireless Earbud အနေနဲ့ ရည်ရွယ်ပြီးရှာတာ ဖြစ်ချင်တော့ သူရှာတဲ့ အချိန်က KZ T1 ကိုရပ်ပြီး နောက်မျိုးဆက်ဖြစ်တဲ့ KZ E10 ကိုထုတ်တဲ့အချိန်ဖြစ်နေတယ်။ Aliexpress မှာလည်း အရင် version ကိုရောင်းတာ ရပ်ပစ်လိုက်ပြီး အခု version ကိုပဲပွဲထုတ်နေတော့ ရွှေးရခက်စရာကြီး။ ပိုတွေဝေစရာက အသစ်ဖြစ်လို့ အခြေအနေကို သိဖို့ရန် review တွေကလည်း မထွက်သေးတော့ ဝယ်မယ်ဆိုရင် စွန့်စားရမယ့် အနေအထားဖြစ်နေပြန်ရော။ ကိုယ်ရောက်သွားတဲ့ အချိန်က ပွဲပြီးတဲ့ အချိန်ဆိုတော့ အသံကလည်း ဆူဆူညံညံမရှိတော့ စမ်းဖို့ အနေတော်ပါပဲ။
စမ်းတပ်ကြည့်တော့ ZSN Pro တုံးကလိုမျိုး တပ်ရတာ ခက်တာမရှိသလို ကြာကြာတပ်ရင် နားလည်း သိပ်မနာပါဘူး။ ဟိုတစ်ခုတုံးကတော့ သူတပ်ရတဲ့ပုံစံမမှန်ရင် နားနာတာတို့ ဖြစ်တက်ပါတယ်။ Bluetooth ချိတ်ကြည့်တော့ Apple Product တွေမဟုတ်သည်နဲ့ အညီ သိပ်ပြီး လွယ်လွယ်ကူကူတော့ မဟုတ်ပါဘူး။ ဘူးကိုပါ reset လုပ်ပြီး ချိတ်ရတာမျိုးတော့ရှိတယ်။ တခြား AirPods တို့ဘာတို့ မသုံးဖူးတော့ အဲဒါ ထုံးစံလားဘာလား မသိပေမယ့် ကိုယ့်အတွက်တော့ ဘူးနဲ့ချိတ်ရတာ သိပ်အဆင်ပြေကြီးတော့ မဟုတ်ပါဘူး။ TWS (True Wireless ) ထုံးစံအတိုင်း Bud လေးတွေထည့်ဖို့ ဘူးတော့ ပါတယ်။ ဘူးက အောက်ကပုံပါ။
အဲဒါနဲ့ ချိတ်ပြီးတော့ နားထောင်မိတော့ တပ်တပ်ချင်း သတိထားမိတာကတော့ သူ့ရဲ့ dynamic driver ပါပဲ။ ZSN Pro က အတိုင်းပါပဲ။ Bass က harsh ဖြစ်တယ်။ ZSN Pro က တစ်ဖက်ကို Dynamic Driver နဲ့ Balanced Armature တစ်လုံးစီပါတာဖြစ်ပြီးတော့ ဒီကောင်ကတော့ Balanced Armature လေးလုံးနဲ့ Dynamic Driver တစ်လုံးပါတယ်။ သို့သော် တခြား Mid and High ရယ်ကတော့ ZSN Pro ထက် နည်းနည်းလေးပိုကောင်းတယ်လို့ ခံစားရတယ်ကလွဲရင် အရမ်းကြီးသိသိသာသာ မခံစားရပါဘူး။ အချိန်ယူပြီး ရေရှည်နားထောင်တာတို့ ယှဉ်နားထောင်တာတို့ဆိုရင်တော့ သိသာကောင်း သိသာပါလိမ့်မယ်။ လက်တလော ထင်ရှားတာကတော့ တူရိယာ တွေအများကြီး တီးတဲ့ layer အများကြီးနဲ့ သီချင်းတွေဆိုရင်တော့ တခုချင်းစီကို detail ကြားရတယ်အထိ ခွဲထားတာပါ။ အဲဒီလိုနေရာမျိုးဆိုရင်တော့ ZSN Pro နဲ့က လုံးဝကို ကွာထွက်သွားတာပါ။ အဆိုပါ experience ကြိုက်တယ် ဆိုရင်တော့ သဘောကျမှာပါ။ အထူးသဖြင့် သံစုံတီးဝိုင်းတို့ မျိုးဆိုရင် တော်တော်လေးကို ကြွလာပါတယ်။
ကျန်တဲ့ earbud တွေနဲ့ နှိုင်းစာလျှင် ဘာမှမထူးဆန်းပေမယ့် ZSN Pro နဲ့ယှဉ်ရင် ထူးခြားတာက အသံလုံပါတယ်။ အဆုံးထိကျယ်လည်း အပြင်ကို အသံအရမ်း မပြန့်ပါဘူး။ သူ့မှာ ပြဿနာက စျေးက အရမ်းမသက်သာပါဘူး။ Aliexpress ကမှာတော့ $60 ပတ်လည်လောက်ရှိပါတယ်။ အဲဒီအတွက် စာဖတ်တဲ့သူတွေအတွက် ညွန်းမယ်ဆိုရင် ပထမဆုံး ZSN Pro ကိုတပ်ကြည့်စမ်းကြည့်ဖူးပြီး အဲဒီ အသံ signature ကိုကြိုက်တယ်ဆိုရင်တော့ စမ်းဝယ်ကြည့်ရင်တော့ တန်ပါတယ်။ မဟုတ်ပဲ Balanced Armature driver ကထုတ်ပေးတဲ့ အသံရယ်လို့ တကူးတက မလိုဘူးဆိုရင်တော့ ဒီ စျေးနှုန်းမှာ တခြားရွှေးစရာက များပါတယ်။ ဒါဆို နားကြပ်ထဲမှာ ဘယ်ဟာ ဝယ်ရမှန်းမသိလို့ ညွန်းပါဦးဆိုရင်တော့ လက်တလော တွေ့ထားတာကတော့ r/Headphones က guide အနေနဲ့လုပ်ထားတဲ့ website လေးကို ဒီမှာ ဝင်ကြည့်လိုက်ပါ။ Price Range အလိုက်ရယ် အမျိုးအစားအလိုက်ရယ် စီထားပြီး သူရွေးထားတဲ့ဟာကလည်း ကျွန်တော် သူငယ်ချင်းတွေ ရွေးတဲ့ဟာတွေနဲ့ ယှဉ်ရင် သိပ်အကွာကြီးမဟုတ်လုပ်သလို community driven ဆိုတော့ အားလည်းအားကိုးရပါတယ်။