Mechanical Keyboard
Mechanical Keyboard အကြောင်း ကျွန်တော် လေ့လာမိသလောက်လေး ပြန်မျှဝေချင်ပါတယ်။
Mechanical Keyboard အကြောင်း မပြောခင် ကျွန်တော်တို့ နေ့စဉ်ပုံမှန်သုံးနေတဲ့ Keyboard တွေအကြောင်းကို အရင်ပြောဖို့လိုပါလိမ့်မယ်။ ကျွန်တော်တို့ရင်နှီးတဲ့၊ နေ့စဉ်သုံးနေကြတဲ့ Keyboard တွေကို Membrane Keyboard (သို့မဟုတ်) Rubber Dome Keyboard လို့ ခေါ်ပါတယ်။
ဒီ Keyboard တွေကို ဖွင့်ကြည့်လိုက်ရင် Circuit ပြားလိုမျိုး လျှပ်စစ်စီးနိုင်တဲ့ ကြေးနီလမ်းကြောင်းလေးတွေဆွဲထားတဲ့ ပလပ်စတစ်ပြား ၂ ပြား (သို့မဟုတ်) ၃ ပြား ကိုတွေ့ရပါလိမ့်မယ်။ သွေးကြောမျှင်လေးတွေလိုမျိုးဖြစ်နေတဲ့ ဒီလမ်းကြောင်းလေးတွေကြောင့် Membrane Keyboard လို့ ခေါ်တာဖြစ်ပါလိမ့်မယ်။ များသောအားဖြင့် အဲ့ဒီ ပလပ်စတစ်ပြားတွေပေါ်မှာ အဖုလေးတွေပါတဲ့ ရာဘာပြားတစ်ပါ ထပ်ထားပါတယ်။ ဒါကြောင့် တချို့က Rubber Dome Keyboard လို့ ခေါ်ကြတာ ဖြစ်ပါတယ်။
ပလပ်စတစ်ပြားပေါ်က လျှပ်စီးပတ်လမ်းလေးတွေက တစ်ဆက်တည်း မဟုတ်ဘဲ နေရာလွတ်လေးတွေ ရှိနေပါတယ်။ အသုံးပြုတဲ့သူက ကီးဘုတ်ခလုတ်ကို နှိပ်လိုက်တဲ့အချိန်ကျမှ လွတ်နေတဲ့ နေရာက ဆက်သွားပြီး လျှပ်စစ်စီးပါတယ်။ အဲ့လိုလျှပ်စစ်စီးတဲ့အချိန်မှာ ကိုယ်ရိုက်လိုက်တဲ့ Key က အလုပ်လုပ်ပါတယ်။ အဲ့လိုဆက်သွားအောင် အပေါ်မှာထပ်ထားတဲ့ ရာဘာပြားမှာ ပါတဲ့ အဖုကလေးတွေက လုပ်ပေးပါတယ်။ အောက်မှာ ပြထားတဲ့ပုံကိုကြည့်ရင် မြင်သာပါတယ်။ အနက်ရောင်လိုင်းလေးက အလယ်တည့်တည့်မှာ ပြတ်နေပြီး အဲနေရာကို နှိပ်လိုက်တဲ့ ခလုတ်အောက်က ရာဘာအဖုလေးက ဆက်ပေးလိုက်ပါတယ်။ ဒီအခါမှာ ရိုက်လိုက်တဲ့ စာပေါ်ပါတယ်။
ထုတ်လုပ်တဲ့ကုမ္ပဏီ၊ အသုံးပြုတဲ့နေရာပေါ်မူတည်ပြီး System Architecture ကတော့ နည်းနည်းပြောင်းနိုင်ပါတယ်။
Mechanical Keyboard
Mechanical Keyboard မှာကျတော့ Membrane Keyboard မှာလိုမျိုး ခလုတ်အားလုံးက ရာဘာပြား၊ ပလစ်စတစ်ပြားတစ်ပြားတည်းပေါ်မှာ ရှိတာမျိုး မဟုတ်တော့ပါဘူး။ ခလုတ်တစ်ခုချင်းစီအောက်မှာ တကယ့် Switch တစ်ခုစီ ရှိနေပါတယ်။ ကီးဘုတ်ပေါ်ကကီးတွေကို ရာဘာဖုလေးတွေက ထမ်းထားတာမဟုတ်ဘဲ Switch တစ်ခုချင်းစီမှာပါတဲ့ စပရိမ်က ထမ်းထားပါတယ်။ ကျွန်တော်တို့ Keyboard ပေါ်က ခလုတ်တစ်ခုကို နှိပ်လိုက်တိုင်း အဲ့ဒီ Switch ကို အဖွင့်အပိတ် သွားလုပ်တဲ့သဘောပါပဲ။ အဲ့လို Physical Mechanism ပါတဲ့အတွက် Mechanical Keyboard လို့ ခေါ်ကြတာ ဖြစ်ပါတယ်။
Switches
Mechanical Keyboard အကြောင်းပြောရင် Switch တွေအကြောင်းကို ထည့်မပြောလို့ မရပါဘူး။ အပေါ်မှာပြောခဲ့သလို ကီးတစ်ခုချင်းစီရဲ့အောက်မှာ Switch တစ်ခုစီ ရှိပါတယ်။ Switch တွေက ကီးဘုတ်ပေါ်က ကီးတွေကို ထမ်းထားတဲ့ တာဝန်ရယ်၊ ကီးကို နှိပ်လိုက်ရင် သက်ဆိုင်ရာ input ကို register လုပ်ပေးတဲ့ တာဝန်ရယ်ကို ထမ်းဆောင်ပါတယ်။ ယျေဘုယျအားဖြင့် Switch အမျိုးအစား ၃ မျိုးရှိပါတယ်။ ကုမ္ပဏီအမျိုးမျိုးက Switch အမျိုးမျိုး ထုတ်ကြပါတယ်။ လောလောဆယ်တော့ ဈေးကွက်ထဲမှာ အသုံးအများဆုံးဖြစ်တဲ့ Cherry MX Switch တွေကိုသုံးပြီး ဥပမာပေးထားပါတယ်။
Linear Switch
Linear Switch က Rubber Dome ကီးဘုတ်လိုမျိုး ကီးကိုအဆုံးထိ ချောချောမွေ့မွေ့ နှိပ်လို့ရပါတယ်။ Switch မှာ ဘာအသံမှလည်း မပါသလို ဘာအတားအဆီးမှလည်း မပါပါဘူး။ အောက်ကပုံမှာ Linear Switch ရဲ့ အလုပ်လုပ်ပုံကို ကြည့်နိုင်ပါတယ်။
Soft Tactile Switch
Soft Tactile မှာကျတော့ Key ကိုနှိပ်လိုက်ရင် အဆုံးထိ ရှောရှောရှူရှူမသွားဘဲ အလယ်မှာ တစ်ချက်ထစ်သွားပါတယ်။ တချို့လူတွေက အဲ့လိုဟာမျိုးကို ကြိုက်ကြတယ်။ ကိုယ့်လက်က ခလုတ်နှိပ်လိုက်တာကို ခံစားလို့ရတဲ့အတွက်။ Soft Tactile Switch ရဲ့ အတွင်းပိုင်းကို အောက်က ပုံမှာ လေ့လာနိုင်ပါတယ်။
Clicky Tactile Switch
Clicky Tactile Switch တွေကတော့ Soft Tactile Switch တွေလိုမျိုး အလယ်မှာ တစ်ချက် ထစ်သွားရုံတင်မကဘဲ Mouse ကို Click နှိပ်သလို ကတစ် ကတစ်နဲ့ အသံပါမြည်သေးတယ်ဗျ။ သူကလည်း ခုနလိုပဲ ကိုယ့်ရဲ့ လက်က ခလုတ်နှိပ်လိုက်တာကို ခံစားလို့ရတဲ့အပြင် အသံပါကြားရတဲ့အတွက် ကြိုက်တဲ့သူတွေက အတော်ကြိုက်ကြတယ်။
Mechanical Switch တွေနဲ့အတူ တွဲသိရမယ့် စကားလုံးတွေ ရှိပါသေးတယ်။
Operation Force
ဘယ်လောက်အားစိုက်ပြီး ရိုက်ရသလဲဆိုတဲ့ အတိုင်းအတာပါ။ Centinewton (cN) သို့မဟုတ် Gram Force (g) ဆိုတဲ့ ယူနစ်နဲ့ ဖော်ပြလေ့ရှိပါတယ်။ အဓိကကတော့ စပရိမ်ရဲ့ တင်းအားပါပဲ။ ဆိုကြပါစို့ အနောက်တိုင်းက လူကောင်ကြီးကြီး လက်ကြီးကြီးနဲ့လူတစ်ယောက်က အရမ်းပျော့တဲ့ ကီးကိုရိုက်ရင် အဆင်မပြေသလို ကျွန်တော်တို့ အာရှက လူကောင်သေးသေး မိန်းခလေးတစ်ယောက်ကလည်း မာဆတ်ဆတ်ကီဘုတ်ကို ရိုက်ရင် လက်တော်တော်ညောင်းပါလိမ့်မယ်။ ကျွန်တော့်လို အရိုက်ကြမ်းတဲ့သူတွေကတော့ နည်းနည်းမာတဲ့ Switch နဲ့မှ အဆင်ပြေပါတယ်။ ပျော့တဲ့ Switch နဲ့ ရိုက်ကြည့်တဲ့အချိန်မှာ မရိုက်ရသေးဘဲ လက်တင်ရုံနဲ့ ကီးတွေထိမိကုန်တယ်။ ဒါကြောင့် Switch ထုတ်တဲ့ ကုမ္ပဏီတွေက 30 cN, 45 cN, 60 cN စသည်ဖြင့် တင်းအား အမျိုးမျိုး ထုတ်ကြပါတယ်။
Operation Position / Activation Point
ဒါကကျတော့ ကီးတစ်ခုကို နှိပ်လိုက်ရင် ဘယ်နေရာလောက်မှာ အလုပ်လုပ်သလဲဆိုတာကို ပြတာပါ။ ဥပမာ ကီးကိုတစ်ဝက်လောက်နှိပ်လိုက်ရင် အလုပ်လုပ်တယ် သို့မဟုတ် အဆုံးထိနှိပ်မှ အလုပ်လုပ်တယ်ဆိုတာမျိုးပါ။ Millimetre (mm) နဲ့ ပြလေ့ ရှိပါတယ်။
Total Travel Distance
ကီးတစ်ခုကိုမနှိပ်ခင် အခြေအနေကနေ အောက်ဆုံးအထိ နှိပ်လိုက်တဲ့အခါ ရောက်သွားတဲ့ အကွာအဝေးပါ။ တစ်နည်းအားဖြင့် အမြင့်ပေါ့။ ဒါကိုလည်း Millimetre (mm) နဲ့ ပြလေ့ ရှိပါတယ်။
Tactile Position
အပေါ်မှပြခဲ့တဲ့ Soft Tactile နဲ့ Clicky Tactile Switch တွေမှာ အဲ့ဒီ ထစ်သွားတဲ့ နေရာကိုပြောတာပါ။ ကီးကိုနှိပ်လိုက်ရင် ဘယ်နေရာလောက်မှာ ထစ်သွားလဲဆိုတဲ့ နေရာ။ သူ့ကိုလည်း Millimetre (mm) နဲ့ ပြလေ့ရှိပါတယ်။
Reset Point
ကီးတစ်ခုကို နှိပ်လိုက်လို့ Operation Position ရောက်ရင် အလုပ်စလုပ်ပါတယ်။ ပြီးရင်အဲ့ဒီ Operation ကို ပြန်ရပ်ဖို့ အတွက် နေရာတစ်ခုရှိပါတယ်။ အဲ့ဒါကို Reset Point လို့ခေါ်ပါတယ်။ တချို့ Switch တွေက နှိပ်ထားရင် အလုပ်ဆက်တိုက်လုပ်ပါတယ်။ A ဆိုတဲ့ ခလုတ်ကို နှိပ်ထားရင် Screen မှာ A တွေ အများကြီးပေါ်လာပါတယ်။ လွှတ်လိုက်မှ Reset Point ကို ရောက်ပြီး ရပ်သွားပါတယ်။ တချို့ Switch တွေမှာကျတော့ ကီးကိုနှိပ်လိုက်ရင် တဝက်လောက်မှာ အလုပ်လုပ်ပြီး အဆုံးထိရောက်ရင် ရပ်သွားတာမျိုးရှိပါတယ်။ အဲ့ဒါမျိုးဆိုရင် ဖိပြီးနှိပ်ထားလည်း စာလုံးတွေ အများကြီး မေပေါ်တော့ပါဘူး။ Reset Point ကိုလည်း Millimetre (mm) နဲ့ ဖော်ပြလေ့ ရှိပါတယ်။
Mechanical Keyboard က ဘာတွေကွာခြားသလဲ
အသံ
Mechanical Keyboard တွေက အသံတော်တော်အောင်တဲ့ Keyboard အမျိုးအစားပါ။ Mechanical Keyboard ကိုကြိုက်ကြရခြင်းရဲ့ အဓိအကြောင်းအရင်းထဲမှာ အဲ့လို အသံကျယ်တာလည်း တစ်ခုအပါအဝင်ပါပဲ။ တချို့ Mechanical Keyboard တွေဆိုရင် လက်နှိပ်စက်ရိုက်နေသလား ထင်ရအောင်ကို ကျယ်ပါတယ်။ ဒီလို အသံထွက်တာကို ကောင်းတယ်၊ မကောင်းဘူးတော့ ပြောဖို့ခက်ပါတယ်။ ကိုယ့်အကြိုက်နဲ့ ပတ်ဝန်းကျင်ရဲ့ အနေအထားပေါ်ပဲ မူတည်ပါတယ်။
နောက်တစ်ချက်က ကျွန်တော့်ပတ်ဝန်းကျင်က နည်းပညာသမား မဟုတ်တဲ့သူတွေကို မေးကြည့်ဖူးတယ်။ သူတို့ကတော့ စာရိုက်လို့ အသံထွက်တာကို မကြိုက်ကြဘူး။ ကိုယ်တိုင်ရိုက်လို့ပဲထွက်ထွက် သူများရိုက်လို့ပဲ ထွက်ထွက်။ အဲ့ဒါ Keyboard အညံ့စားမို့လို့ မကောင်းလို့ ဖြစ်တာလို့ထင်တဲ့သူတောင် ရှိတယ်။
ပြောင်းလွယ်ပြင်လွယ်ဖြစ်ခြင်း
ဒါကတော့ Mechanical Keyboard ရဲ့ အဓိက အားသာချက်ပါပဲ။ Key Cap ရော Switch ရော ကိုယ့်စိတ်ကြိုက်ဆင်ယူလို့ရပါတယ်။ ဆိုကြပါစို့ ဒီကီဘုတ်တစ်ခုတည်းကိုပဲ W, A, S, D ဆိုတဲ့ Key တွေကိုပဲ အသံကျယ်ကျယ် ထွက်စေချင်တယ်၊ ကျန်တဲ့စာလုံးတွေကိုတော့ Linear ပဲ လုပ်ချင်တယ်၊ Shift တို့ Ctrl တို့လို Key တွေကိုတော့ Soft Tactile လုပ်ချင်တယ်။ အဲလိုမျိုး Mechanical Keyboard မှာ လွယ်လွယ်ကူကူ လုပ်လို့ရတယ်။
Membrane Keyboard တွေမှာတော့ အဲ့လို စိတ်ကြိုက်လုပ်လို့ရဖို့ထက် Key Cap တောင် ဖြုတ်ဖို့၊ လဲဖို့ တော်တော်မလွယ်ပါဘူး။
ဈေးနှုန်း
Membrane Keyboard တွေက Mass Production ထုတ်ရတာ လွယ်ကူတဲ့အပြင် သုံးတဲ့ Raw Material တွေကလည်း ဈေးသက်သာတဲ့အတွက် Overall Price က Mechanical Keyboard တွေထက် အဆပေါင်းများစွာ ဈေးသက်သာပါတယ်။ Mechanical Keyboard တွေမှာကတော့ Switch တစ်ခုချင်းစီမှာကို ကုန်ကျစရိတ်တွေ ရှိနေပါတယ်။ ဒါကြောင့် Mechanical Keyboard တစ်လုံးက ဘယ်လောက်ပဲ Budged Keyboard ပါပြောပြော Membrane Keyboard တွေထက် ဈေးတော်တော်များနေပါသေးတယ်။
အလေးချိန်နှင့်အရွယ်အစား
ကီးအရေအတွက်တူ၊ အရွယ်အစားတူရင် Mechanical Keyboard က ပိုလေးမယ်ဆိုတာ သိသာပါတယ်။ ကီးတစ်ခုချင်းစီမှာရှိတဲ့ ခလုတ် (Switch) တစ်ခုချင်းစီရဲ့ အလေးချိန်တွေ အားလုံးပေါင်းရမှာကိုး။ အရွယ်အစားအားဖြင့်လည်း ပလပ်စတစ်ပြား ၃ ပြား၊ ရာဘာပြားတစ်ပြားထပ်ထားတဲ့ Membrane Keyboard လောက်သေးအောင်၊ ပါးအောင် လုပ်လို့မရပါဘူး။ သီအိုရီအရ အခုအချိန်ထိတော့ မရဘူးပေါ့လေ။
တာရှည်ခံမှု
Mechanical Keyboard တွေက Membrane Keyboard တွေထက် အများကြီး တာရှည်ခံပါတယ်။ ဒါကတော့ Online ပေါ်မှာ ရှာလို့တွေ့တဲ့ သုတေသနစာတမ်းတွေကို မှီငြမ်းပြီး ပြောတာပါ။ တကယ်ဟုတ်၊ မဟုတ်တော့ ကျွန်တော်လည်း သေချာမသိပါ။ ဘယ်လိုပဲဖြစ်ဖြစ် သိသာတဲ့အချက်တစ်ချက်ကတော့ Mechanical Keyboard မှာ ကီးတစ်ခုပျက်သွားရင် အဲ့တစ်ခုတည်းကိုကွက်ပြီး လဲလိုက်လို့ရပါတယ်။ Membrane Keyboard မှာတော့ ကီးတစ်ခုပျက်ရင် ပြင်လို့မရဘဲ ကီးဘုတ်တစ်ခုလုံး လဲရပါလိမ့်မယ်။
ဒါပေမယ့် တခြား ရှုထောင့် တစ်ခုကနေ ကြည့်ကြည့်ရအောင်ဗျ။ Membrane Keyboard တွေက ပလပ်စတစ်ပြားတွေ ရာဘာပြားတွေနဲ့ လုပ်ထားတော့ ရေစိုခံအောင် လုပ်ဖို့လွယ်ပါတယ်။ ဥပမာအားဖြင့် အဝတ်လျော်စက်တွေမှာပါတဲ့ ခလုတ်လိုမျိုးပေါ့။ အဲ့ဒါတွေက Membrane Keyboard တွေပါ။ ရေစိုခံတဲ့ Mechanical Keyboard မျိုး ရှိပေမယ့်လို့ Membrane Keyboard ကိုတော့ မမီပါဘူး။ များသေားအားဖြင့်လည်း ရေစိုရင် ပျက်ဖို့ များပါတယ်။
အခြား
သန့်ရှင်းရေးအပိုင်းကို နည်းနည်းပြောချင်ပါတယ်။ Mechanical Keyboard တွေက နဂိုကတည်းက တစ်စစီဖြုတ်လို့၊ တပ်လို့ရအောင်လုပ်ထားတဲ့ ကီးဘုတ်အမျိုးအစား ဖြစ်ပါတယ်။ ဒါကြောင့် ကီးတွေမှာ ညစ်ပတ်နေလို့ဖြစ်စေ၊ ကြေးကပ်နေလို့ဖြစ်စေ ဖြုတ်ဆေးချင်တယ်ဆိုရင် Mechanical Keyboard မှာက အရမ်းလွယ်ပါတယ်။ Membrane Keyboard မှာတော့ ဖြုတ်လို့လွယ်တာလည်း ရှိသလို ဖြုတ်လို့မရတာလည်း ရှိပါတယ်။ ကျွန်တော့်ရဲ့ HP Pavilion G4 Laptop က Keyboard ကို သန့်ရှင်းရေးလုပ်ချင်လို့ ဖြုတ်လိုက်တာ ဖြုတ်လို့မရဘဲ ကီးတွေကပ်ကုန်ပြီးနောက်ဆုံး ကီးဘုတ်တစ်ခုလုံး အသစ်လဲလိုက်ရပါတယ်။ သန့်ရုံတင်မဟုတ်ဘဲ သစ်ပါသစ်သွားတာပေါ့။
Keyboard Sizes
ကီးဘုတ်အရွယ်အစားတွေကိုလည်း ဗဟုသုတအဖြစ် ပြောပြပေးချင်ပါတယ်။ ဒီအရွယ်အစားတွေကတော့ Mechanical ပဲ ဖြစ်ဖြစ် Membrane ပဲ ဖြစ်ဖြစ် အတူတူပါပဲ။
Full-size / 100%
ကီးဘုတ်တစ်ခုမှာ ပါသင့်သမျှ ကီးအကုန်၊ အစုံပါတဲ့ ကီးဘုတ်အရွယ်အစားဖြစ်ပါတယ်။ Alphabet, Number Row, Function Row, Separated Numpad, Navigational Cluster အကုန်ပါပါတယ်။ ယျေဘုယျအားဖြင့် ကီး ၁၀၄ ခုကနေ ၁၀၈ ခုထိပါတတ်ပါတယ်။
Tenkeyless / TKL / 80%
Full-size ကို Numpad ဖြုတ်လိုက်ရင် Tenkeyless ပါပဲ။ ကီး ၈၇၊ ၈၈ ခုပါတတ်ပါတယ်။
75%
Numpad မပါတော့တဲ့အပြင် Navigational Cluster တွေဖြစ်တဲ့ Arrow Key တွေ၊ Home, End Key တွေက သပ်သပ်စီမဟုတ်တော့ဘဲ ကပ်လျက်တွေ ဖြစ်သွားတယ်။
Compact / Other
60% : Navigational Cluster နဲ့ Function Row တွေ မပါတော့။
40% : မပါမဖြစ် Key တွေဖြစ်တဲ့ Alphabet နဲ့ Ctrl တို့ Shift တို့သာ ရှိပါတော့တယ်။
နိဂုံး
Twitter မှာ Developer တွေတော်တော်များများ သူတို့ ဆင်ထားတဲ့ Keyboard တွေ တင်တင်ပြီး ကြွားနေကြလို့ Keyboard တွေအကြောင်း လေ့လာဖြစ်သွားတယ်။ အရင်ကတည်းကလည်း ပိုက်ဆံစုပြီး ကီးဘုတ်ကောင်းကောင်း တစ်လုံးတော့ ဝယ်ဖြစ်အောင် ဝယ်မယ်ဆိုပြီး တွေးထားခဲ့တာလည်း ပါပါတယ်။ ဒါတွေကတော့ ကျွန်တော် လေ့လာမိသမျှ Mechanical Keyboard တွေအကြောင်းပါပဲ။ နည်းနည်းပဲဖြစ်ဖြစ် ဗဟုသုတရမယ်လို့ မျှော်လင့်ပါတယ်။
Keychron K2 Keyboard Review လေးလည်း ရေးတင်ပါဦးမယ်။ စောင့်ဖတ်ကြပါဦး။