မိအေးနှင့် နည်းပညာ

မိအေးတစ်ယောက် ခုတလော တိုးတက်လာတဲ့နည်းပညာကို အမီမလိုက်ဘူးဆိုတာ ယုံပြီအဟုတ်။ အမေ့ဆီက ပိုက်ဆံတောင်းဝယ်ထားတဲ့ ပန်းသီးပုံ ကွန်ပျူတာမှာ သူ့ရဲ့ စနစ်ကို သိပ်မသုံးတတ်၊ ရုံးက မြန်မာစာတွေ ရိုက်ရခက်တာမို့၊ ကိုယ်သုံးတတ်တဲ့ ဝင်းဒိုးတင်သုံးတာ ပိုးကောင်ကိုက်လိုက်တာဆိုပဲ။ လိုဂိုလေးကနေမတက်တော့တာနဲ့ ဆိုင်အရောက်ပြလိုက်တာ ရှိစုမဲ့စုလေး ပါသွားတယ်။

သူ့မလည်း မပျက်ရှိနိုင်မလား။ ထုတ်ပေးထားတဲ့ စနစ်က တစ်မျိုး ဒီကခိုင်းစားနေတာက တစ်မျိုး။ သူ့မှာ တတ်တဲ့ပညာလေးတွေ မသုံးရဘဲ မဆိုင်တာတွေကို အုပ်ချုပ်သူအကြိုက်၊ ပိုင်ရှင်အကြိုက် အတင်းလိုက်လုပ်နေရတာကိုး။ ကြာတော့လည်း ဘယ်ခံနိုင်ပါ့မလဲ။ မိအေး ရည်းစားက အမြဲပြောတယ်။ သုံးတတ်တာလည်းမဟုတ်ဘဲ ကြွားချင်လို့ သက်သက်ဝယ်ကိုင်သတဲ့။ သူပြောတာလည်း ဟုတ်တုတ်တုတ်ပဲ။

နည်းပညာနဲ့ပတ်သက်တာ နောက်အဖြစ်သနစ်တစ်မျိုးက မိအေးအလုပ်လုပ်နေတဲ့ ရုံးတော်ကြီးမယ် ကွန်ပျူတာတွေရှိတယ်လေ။ ပရင်တာတွေရော ကော်ပီယာ၊ စကန်နာတွေရော။ ဒါတွေဟာ နည်းပညာအမှန်အကန် သုံးတတ်သူနဲ့မှ ကိုက်တာတော့ အမှန်ပဲ။ ပရင်တာဆိုတာ နှစ်ခါထုတ် တစ်ခါထွက်၊ ကော်ပီယာကတော့ ခနခန စာရွက်ညပ်လွန်းလို့ ။ ပါတဲ့ မီနူးတွေမှာ လုပ်လို့ရတာတစ်ခုမှ မရှိဘူး။ ချုံ့လို့၊ ချဲ့လို့ မရဘူး။ မင်တင်လို့မရဘူး။ စက္ကူအရွယ်အစား ပြောင်းထုတ်လို့မရဘူး။ စက်မှာ အနီရောင်တွေပြ အရေးပေါ်အခြေအနေတွေဖြစ်ပြီး စက်ပျက်တတ်တယ်။ ပျက်တိုင်းလည်း ပြင်လို့မရ ခွင့်ပြုချက်ကျမှ။ အဲ့တော့ အဲ့အတောအတွင်း ဘာလုပ်လဲမေးရင် ဘာမှ မလုပ်ဘူး။ ထိုင်နေရုံပဲ။ ဆိုင်ရာပိုင်ရာ ပုဂ္ဂိုလ်များကတော့ ဘာဖြစ်ရင် ဘယ်ဘက် ဘယ်နှစ်ချက် တစ်ဘုံးဘုံးရိုက်၊ဘယ်လိုပြန်ကောင်း သွားတာမျိုးလည်းရှိတော့ ရှိတယ်၊ ရှားတယ်ပေါ့နော်။

Photo by Sebastian Herrmann / Unsplash

ဟိုရက်က အလုပ်ကိစ္စတစ်ခုနဲ့  စာရွက်လေးတစ်ရွက် စကင်ဖတ်ပြီး အီးမေးလ်ပို့မယ်လေလို့ ကြံတုန်း စက်က ခုမှဖွင့်တယ် အဝိုင်းကလည်၊ သူလည်နေတာရပ်သွားတော့ ကိစ္စပြတ်မလားပေါ့ ပြတ်သေးဘူးရယ်။ စကင်က ဖတ်ပြီးသွားပေမဲ့ လက်ခံတဲ့ ကွန်ပျူတာ စက်ထဲမယ် PDF Software မရှိတော့ အင်တာနက်နဲ့ချိတ်ပီးဖတ်ဆိုတဲ့သဘောနဲ့ ကိုယ့်ဖိုင်လေးကို သူက အင်တာနက်ပုံစံလေးနဲ့ လာချိတ်ထားတယ်။ ဖွင့်ကြည့်တော့ အဝိုင်းနဲနဲလည်ချင်သလိုရှိပေမဲ့ စိတ်ရှည် သည်းခံတော့ နောက်ဆုံးမှာ မြင်ရသေးလို့ တော်သေး။ အေးပေါ့လေ အီးမေးလ်ထဲ တွဲထည့်လို့ရရင်ပြီးတာပဲလေ။ ဟိုဘက်လက်ခံမယ့်သူကလည်း အင်တာနက်နဲ့ဖွင့်တော့ နောက်ဆုံးမြင်ရမှာပဲဆိုပြီးသကာလ ပြဿနာက ဖိုင်ကြီးကို attach တွဲမရဘူးရယ်။ ရမလိုလိုနဲ့ သူပဲဟန်ရေးပြနေပြီး နောက်ဆုံးမှ ဆောတီးတဲ့။ ဒေါသတွေဆိုတာ အလိပ်လိပ်ပဲ။

မိအေးဆိုတာက ဘာကိုမှ ပစ်စလပ်ခတ်လုပ်တတ်တာ ဟုတ်ဘူး၊ အီးမေးလ် တစ်စောင်အတွက် စာသားလေးတွေ သေချာ စဉ်းစားရေး၊ Thanks တွေ Kindly တွေ အထပ်ထပ် ကွန့်ညွန့်ထည့်၊ စိတ်ကြိုက်ပြင်ပြီးကာမှ သူကဘာမှ ဆက်လုပ်လို့ မရဘဲဖြစ်နေတော့ ဘေးကစက်ကိုပြောင်းပြီး ဖိုင်ကို Memory Stick နဲ့ယူ အီးမေးလ်ပို့မယ်ပေါ့။ သူ့ဆီမှာ PDF Software ရှိတယ်။ ကြည့်လိုက်တော့ ခုနက ရနေတဲ့ အင်တာနက်က လိုင်းပျောက်သွားပါလေရော၊ ခက်ပါရော။ နောက်ထပ် ပြောင်းထိုင်စရာလည်း စက်ကမရှိတော့လို့  မိအေး အလုပ်ကိစ္စ Pending ဖြစ်သွားရော။ နောက်ဆုံး မရမကလုပ်ရမယ်ဆိုမှ ရှိစုမဲ့စု ဖုန်းဘေလေးနဲ့  ကိုယ်ပိုင် hotspot လေးလွှင့်၊ ကိုယ်ပိုင် လပ်တော့နဲ့သုံးရတယ်။ အဲ့လိုနဲ့ နေ့ခင်းက MPT က ချေးထားတဲ့ ၈၀၀ လေး နေ့မကူးခင် ကုန်ပါလေရော။ တကယ်တော့ ဒါတွေကို ကိုယ့်ရဲ့ဘော့စ်ကတော့ ဘယ်သိနိုင်မလဲလေ။

ကိုယ့်ရဲ့ဘော့စ်ကတော့ ဒီဖိုင်လေးတစ်ဖိုင် အီးမေးလ်ပို့ခိုင်းတာ မိအေးအသုံးမကျလို့ မိအေးညံ့လို့ ကြာနေတာလို့ထင်မှာပဲ။ ဘာလို့ဆို အင်တာနက်ဆိုတာ ဘော့စ်အခန်းမှာ ပြတ်မှ မပြတ်ဘဲ။ ဖလမ်း ဖလမ်းတွေ ထလို့။ ပိုးကောင်ဆိုတာကလည်း ဘော့စ်စက်ထဲ ဘယ်ဝင်လိမ့်မလဲ။ စက်ဆိုတာလည်း ဘယ်ဟန်းမလဲ ဘော့စ်စက်ကအကောင်းစား။ ကိုယ့်အခန်းကလို လူတကာသုံးတဲ့ စတစ်ထိုးသုံး နေတာလည်းမဟုတ်၊ လိုင်စင်မရှိတဲ့ အန်တီဗိုင်းရပ် အယောင်ပြထည့်ထားတာလည်းမဟုတ်။ အဲ့တော့ နောက်ဆုံး မိအေးနှယ် ကိုယ့်ဖြစ်ကိုယ်သာသိတာမို့ ဘာမှလည်း အထွေအထူး ရှင်းပြမနေချင်ပါဘူး။ စက်တွေဆိုတာကလည်း အလုပ်များမှ မင်ကုန်ပြတယ်၊ မောက်စ်ကိုဘယ်မှရွေ့လို့ရတော့ဘူး၊ စက်လေးသွားတယ်။ တမင်တကာ လူကို လုပ်ကြံနေသလား အောက်မေ့ရတယ်။

ဒါပေမဲ့ မိအေးက သူငယ်ချင်းတွေကြားထဲမှာ နည်းပညာနဲ့တော့ သိပ်မစိမ်းပါဘူး။ နဲနဲပါးပါး လုပ်တတ် ကိုင်တတ်သူပါ။ အရင်အလုပ်မှာလည်း မိအေး သေချာလုပ်ခဲ့သေးတာ။ ပြောချင်တာက မိအေး သူငယ်ချင်း မိစုဆို ကွန်ပျူတာထဲ Memory Stick ထိုးတာတောင် အပေါက်အလမ်း တည့်ချင်တာမဟုတ်ဘူး။ ကွန်ပျူတာ တစ်ခုခုဖြစ်ရင်တောင် ဘယ်လိုလုပ်ရမှန်းသိတာမဟုတ်။ သူ့ကွန်ပျူတာ သူ့လို ပိန်ကပ်ကပ်လေးမှာ သူ့ရဲ့ တစ်ဖုံးဖုံး လက်သံပြောင်မှုတွေအောက် အတော်နေသားကျနေရတာ။ အရပ်ရှည်သလောက် စိတ်တိုတဲ့သူက ဘာမှလုပ်လို့မရတော့ရင် သူ့ကွန်ပျူတာ အဖုံးကို အသံမြည်အောင် ဂွပ်ကနဲပိတ်ချလိုက်ရော၊ ရုံးက issue ထုတ်ပေးထားတဲ့ ကွန်ပျူတာမို့ရယ်၊ သူ့ကွန်ပျူတာဆိုလုပ်မှာမဟုတ်ဘူး။ အဲ အဲ့ဒီလိုလုပ်ပြီး ပြန်ဖွင့်လိုက်တော့လည်း အကောင်းအတိုင်းလာနေရော အော် သူ့သခင်နဲ့ သူ့စက် အဆင်ပြေနေရင် ပြီးပါရောလား။

သူငယ်ချင်း မအိကတော့ နည်းပညာမှာ အိတ်စ်ပက်ရယ် သူက ပိုးကောင်ကိုက်ခံရတဲ့ ဖိုင်လေးတွေကိုလည်း ပြန်ကယ်တတ်တယ်။ ဖိုင်တေရဲ့ Format ဘယ်လို ပြောင်းရလဲဆိုတာလည်းသိတယ်။ သူက တစ်ခုခုမသိရင် Google မှာ ရိုက်ရှာတယ်။ လမ်းညွှန်ချက်တွေအတိုင်း လိုက်လုပ်တယ်။ သူရှိလို့ မိအေးတို့ အသက်ရှုချောင်တာ တကယ်။ Google ကို သူလိုသလို သုံးတတ်တာ အံ့ပါရော။ သူ့ကြောင့်သာ မိအေးဟာ Google ဆိုတာ ဘာမဆို လိုတာရနိုင်တဲ့ လိုတရဆီမီးခွက်ကြီးတစ်ခုပါလားလို့ သဘောပေါက်သွားခဲ့တာ။ တစ်ခေါက်တော့ အရေးကြီးတဲ့ အချက်အလက်တွေကို လူကြီးတစ်ဦးက အီးမေးလ်နဲ့ ပို့လိုက်တာ ကိုယ်တစ်ခါမှ မသုံးဖူးတဲ့ File Format ကြီးနဲ့ မို့ လက်ခံကွန်ပျူတာထဲမယ် ဘာမှမပေါ်။ နောက်ဆုံး မအိက ဟိုဟိုဒီဒီ မွှေနှောက်ရှာဖွေပြီး လုပ်ကြည့်၊ ဆော့ဖဝဲတွေ ဒေါင်းလိုက်တော့မှ စာလုံးတွေပေါ်တယ်။ မိအေးသူငယ်ချင်းလေ အိုင်တီဆြာမ မအိ။

ဘယ်လိုပဲဖြစ်ဖြစ် နည်းပညာဟာ မိအေးတို့ဘဝအတွက် အတော်အတန် အရေးပါမှန်း မိအေး သတိထားမိလာတာတော့အမှန်ပဲ။ မိအေး အရင်အလုပ်မှာဆို လပ်တော့လေးနဲ့ပဲ။ အလုပ်ဆိုတာ ထိုင်ရာက မထရဘဲပြီးတယ်။ ဟိုဘက်အခန်းက ဘော့စ်က ကိုယ့်ဆီ ဘာတွေရှာထား၊ ဘာကိုပြင်ထား To Do List for Today ကို နံနက်ကတည်းက အီးမေးလ်ပို့ထားတယ်။ အလုပ်ရခါစကတော့ ကျင့်သားမရဘူးပေါ့။ နောက်တော့ ဖုန်းစကရင်နဲ့ လပ်တော့စကရင် ဆိုတာ ချစ်သူမျက်နှာလိုပဲ မလွတ်တမ်း တစိမ့်စိမ့် ကြည့်နေနိုင်မှ တော်ကာကျ။ အဲ့တာမှ ဘော့စ်နဲ့အဆင်ပြေ။ အဲ့လိုတွေ ကြည့်နေရင်းနဲ့ကို သူပို့ထားတဲ့ email ကို ၁၀ မိနစ်ကျော်တဲ့အထိ စာပြန်မလာလို့ ဘော့စ်ကိုယ်တိုင် ကိုယ့်အခန်းထဲလိုက်လာရတာတွေရှိတယ်။ လုပ်ခိုင်းထားတာလေး အာရုံစိုက်နေတုန်း အီးမေးလ်မစစ်မိတဲ့ ၁၅ မိနစ်လောက်အတွင်း ဘော့စ်က Reminder တွေဘာတွေတောင် နှစ်စောင်လောက် ထပ်ပို့နေတာတွေ့မှ လပ်တော့ပိုက်ပြီး သူ့အခန်းပြေးရတာတွေရှိတယ်။ သူတို့ အလုပ်ဆို အခုဆိုအခုချက်ချင်း လိုချင်ကြတာ၊ ကိုယ့်ရဲ့ reply ကို ချက်ချင်းလိုချင်၊ action ကို ချက်ချင်း ရချင်ကြတာ။ ဆူစရာရှိရင်လည်း အီးမေးလ်ထဲကနေ အင်္ဂလိပ်လိုပဲ လှမ်းဆူတယ်။ မိအေးနှယ် အင်္ဂလိပ်လို အဆူခံရတာများလာတော့  Language Skills တွေဆိုတာ အဲ့တုန်းက တောက်လျှောက်ကို စကေးတွေတက်တာလေ။

အဲ့မှာတွေ့ရတဲ့ ပြဿနာကတော့ တစ်ခါတစ်လေများ ရန်သူမျိုး အပါးပါးကြောင့် ရုံးမှာ အင်တာနက်ပြတ်တဲ့အချိန်ဆို ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိရယ်။ ဘာအလုပ်မှ လုပ်လို့မရဘူး၊ Partners Orgs တွေဆီ Email ပို့ရမယ်။ ကိုယ့်ဘက်က Confirmation Reply လုပ်ရမှာတွေရှိတယ်။ အဲ့ကျရင်တော့ ဘော့စ်ရော မိအေးရော ကိုယ့် Wifi Hot Spot လေး ကိုယ်ဖွင့်ပြီး သုံးကြတာပေါ့။

ဒါတွေက အတိတ်ကအကြောင်းတွေရယ်ပါ ခုတော့ မိအေးနှယ် နည်းပညာကို ချစ်ပါသော်လည်း အခြေအနေအရ ချစ်ချင်တိုင်းမှ ချစ်လို့မရနိုင်ဘဲ။ ပတ်ဝန်းကျင်မှာ ကန့်သတ်ချက်တွေရှိနေဆဲပဲလေ။ ဆင်းရဲတဲ့နိုင်ငံလေးရဲ့ အစိုးရယန္တရားဟာ ဘယ်လောက်ထိ အဆင့်မြင့်နိုင်မလဲလေ။ facilities တွေ မပေးနိုင်လေ ထုတ်လုပ်မှုဟာ အရည်အသွေးကျလေဆိုတာ သိလောက်မယ်တော့ ထင်တာပဲ။ ဒါက ရုပ်ဝတ္တုကိုပဲပြောတာ။ Systems ပိုင်းမှာလည်း လူမှန်နေရာမှန်နဲ့ တော်တဲ့သူတွေကို ဘယ်လို ဆွဲခေါ်မလဲ၊ ပံ့ပိုးပေးမလဲဆိုတဲ့အပိုင်းမှာ အဆီအငေါ်မတည့်တာတွေ ရှိနေတုန်းပဲ။

ဒါပေမယ့် နည်းပညာကို မိအေး မမုန်းတာအမှန်ရယ်ဆိုတာတော့ ရှင်းပြဖို့လိုနေဦး မလားပဲ။ မိအေးတို့ရုံးတော်ကြီးမှာ ကွန်ပျူတာနဲ့ အင်တာနက်နဲ့ ထိုင်ရာမထ အလုပ်လုပ်နိုင်ဖို့ကိုလည်း မျှော်လင့်နေတုန်းပဲ။ မလိုအပ်ဘဲ စာရွက်ပုံတွေထဲ ခေါင်ထိုးနေရတဲ့နေ့တွေကိုလည်း အဆုံးသတ်ချင်လှပြီ။ မိအေးရဲ့ ဘော့စ်ကိုလည်း မိအေးတို့ဆိုတာကလေ နည်းနည်းလေး ပံ့ပိုးပေးမှု နေရောင်လေးရတာနဲ့ မစ်ကီမောက် ဇာတ်လမ်းထဲက ပဲပင်လေးလို အညွန့်တလူလူ မိုးပေါ်ထိရောက်အောင် ထိုးတက်သွားမယ့် မျိုးဆက်သစ်လေးတွေဆိုတာကို မိအေးပြောချင်နေတုန်းပဲ။ ပြောခွင့်ရနိုင်ဖို့လည်းစောင့်နေ တုန်းပဲ။