Pixel 4 XL

တလောက Launch လုပ်ထားတဲ့ Google ရဲ့ Pixel 4 XL အကြောင်း ကိုယ်တွေ့ Review လေး ပြန်မျှ၀ေချင်ပါတယ်။

MOTION SENSOR

Motion Sensor က Pixel 4 ရဲ့ အဓိက Selling Point တစ်ခုပါ။ သူ့ရဲ့ Technology က Camera ကိုသုံးထားတဲ့ Image Motion မဟုတ်ဘဲ Radar အသေးစားကို သုံးထားတာ။ အဲ့ဒီ Radar ကြောင့်ပဲ မြန်မာနိုင်ငံမှာ Motion Feature ကို သုံးမရဘူး ဖြစ်သွားပါတယ်။ ဥပဒေကြောင့် ပိတ်ထားတာလား၊ ဥပဒေကို မရှိလို့ ပိတ်ထားတာလားတော့ မပြောတတ်ဘူး။ ကိုယ့်အတွက်ကတော့ ဒီ Feature မသုံးရလို့လည်း သိပ်ကိစ္စမရှိပါဘူး။

BATTERY

Li-Po 3700 mAh ကို သုံးထားတယ်။ Capacity အရပြောမယ်ဆို iPhone 11 Pro Max ထက် နည်းနည်းလေးပဲ လျော့တယ်လို့ ပြောရမယ်။ ဒါပေမယ့် 90 Hz Display ကြောင့် သာမန် 60 Hz Display တွေထက် စွမ်းအင်သုံးစွဲမှု ပိုများတယ်။

အခုလက်ရှိ 90 Hz ဖွင့်ပြီးသုံးနေပေမယ့် အားသွင်းကြိုးကို နေရာတကာ သယ်သွားနေရတဲ့ ပြဿနာတော့ မရှိဘူး။ မနက်မှာ ဖုန်းအား ၁၀၀% နဲ့ အိမ်ကထွက်တယ်။ တစ်နေကုန်သုံးတယ်။ ညနေဆို ML ၂ ပွဲ ၃ ပွဲလောက်ဆော့တယ်။ PUBG ၄ ပွဲ ၅ ပွဲလောက်ဆော့တယ်။ အဲ့ဒါပြီးရင်တော့ ၁၀% နဲ့အောက်လောက် ဖြစ်သွားပြီ။ ဆိုတော့ Power နဲ့ ပတ်သက်လို့ အဆင်ပြေတယ်‌ ပြောရမယ်။

CHIPSET

SnapDragon 855 CPU နဲ့ 6GB RAM ကို သုံးထားတဲ့အတွက် တော်တော်များများကတော့ အပြစ်ပြောကြတယ်။ ဒီထက် Model မြင့်တာ၊ ပမာဏပိုများတာ သုံးသင့်တယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ ဒါတွေက နံပတ်တွေ သက်သက်ပဲလို့မြင်တယ်။ Software Level မှာ Optimize ကောင်းကောင်း လုပ်ထားနိုင်တယ်၊ Memory Management တွေ၊ Resource Management တွေ ကောင်းကောင်း လုပ်ထားနိုင်တယ်။ ဒါကြောင့် ဒီထက်ပိုသာတာတွေ သုံးစရာမလိုဘူး။ Android ဖြစ်ဖြစ် ios ဖြစ်ဖြစ် ကြုံဖူးကြမှာပါ။ Version Update လုပ်လိုက်မှ Battery ကုန်တာ အရမ်းမြန်တယ် ဆိုတာမျိုး။ ဒါကြောင့် Chipset နဲ့ ပတ်သက်ရင် သူ့အတွက် လုံလောက်တဲ့ ပမာဏပဲလို့ မြင်မိတယ်။

LIVE TRANSCRIPT

ဒါကလည်း Pixel ရဲ့ Selling Point တွေထဲက တစ်ခုပါ။ ပြောနေတဲ့စကားကို တိုက်ရိုက် စာရိုက်ပေးတာ။ ဒီ Feature ကို Pixel ရဲ့ အသံသွင်းတဲ့ Software ထဲမှာ ထည့်ပေးလိုက်တယ်။ အသံသွင်းရုံတင်မကဘူး စာပါတစ်ခါတည်း ထွက်တယ်။ အဲ့ဒါအပြင်မှာမှ အသံသွင်းထားတဲ့ File ထဲကနေ ကိုယ်သိချင်တဲ့ စကားလုံးကို ပြန်ရှာရင် ဘယ်နားမှာ ပြောထားတယ်ဆိုတာ ပြန်ရှာလို့ရသေးတယ်ဗျာ။ ဒါကို ဘာအင်တာနက်မှ မလိုဘဲ Pixel ရဲ့ 855 Processor နဲ့ 6GB RAM နဲ့တင် ပေါ့ပေါ့ပါးပါး လုပ်ပေးနိုင်တယ်။

လက်ရှိမှာတော့ အင်္ဂလိပ်လို တစ်မျိုးပဲ ရသေးတဲ့အတွက် မြန်မာလိုရဖို့တော့ အတော်လေး စောင့်ရဦးမယ့် သဘောပါ။

CAMERA

Pixel ဆိုတာ Camera Phone ရယ်လို့ နာမည်ကြီးနေတဲ့ဖုန်း။ Pixel 1 ကနေ 3 အထိ သူ့ခေတ်အခါမှာ Camera နဲ့ ပတ်သက်ရင် ဘုရင်ပဲလို့ သိခဲ့တဲ့ဖုန်း။ အခု Pixel 4 မှာတော့ နန်းကျလုနီးနီး ဖြစ်သွားတယ်။ ရှေ့ Model တွေမှာ တခြားဖုန်းတွေ ကင်မရာ ၂ လုံးနဲ့ လုပ်ရတဲ့အလုပ်တွေကို Pixel က Camera တစ်လုံးတည်းနဲ့ လုပ်ပြသွားတယ်။ ဒါပေမယ့် Concept က ပြောင်းသွားပြီ။ နောက်ပိုင်းဖုန်း ၉၀ ရာခိုင်နှုန်းလောက် ကင်မရာ ၃ လုံးနဲ့ ထုတ်နေချိန်မှာ သူက ၂ လုံးတည်းနဲ့ ထွက်လာတယ်။ Ultra Wide, Wide, Telephoto ဆိုပြီး ဖုန်းတိုင်းမှာ ပါနေတဲ့အချိန် Pixel မှာ Ultra Wide ပါမလာဘူး။

အခု Pixel 4 မှာ Hardware အရ Pixel 3 ရဲ့ Camera နဲ့ ဘာမှ မကွာခြားဘူး။ Main Camera မှာ 12.2 MP 28 mm Wide ပဲ။ 16 MP 2x telephoto camera တစ်လုံး ထပ်ပိုပါလာတယ်။ ရိုက်ကြည့်ရသလောက် Image Quality ကတော့ စိတ်ကျေနပ်မှု ရစေတယ်။ ဖုန်းကင်မရာတွေနဲ့ ရိုက်တိုင်း တွေ့ရတတ်တဲ့ Image Pixel တွေ ခဲသွားတဲ့ ပြဿနာမျိုး မတွေ့ရဘူး။ iPhone 11 Series နဲ့ ယှဉ်ရင်တော့ Lowlight တွေမှာ Noise ပိုများတယ်။

Ultra Wide အတွက်ကတော့ Ali Express ကနေပဲ Third Party Lenses တစ်လုံး မှာလိုက်ပါတယ်။ Photography လည်း မတောက်တစ်ခေါက် နားလည်တော့ ဝယ်ထားတဲ့ Third Party Lenses ရဲ့ Quality ကိုတော့ လုံးဝ မကြိုက်တာ အမှန်ပဲ။ သာမန်လောက်တော့ အဆင်ပြေပါတယ်။

Video ပိုင်းမှာတော့ 4K HD ကို အမြင့်ဆုံး 30fps နဲ့ပဲ ရိုက်လို့ရတယ်။ တော်ရုံဖုန်းတောင် 60fps နဲ့ ရိုက်လို့ ရနေချိန်မှာ google ရဲ့ စျေးကြီးပေးရတဲ့ ဖုန်းက 30fps ဆိုတော့ မမိုက်ပါဘူး။ Google ကတော့ Storage တွေ များများ မသုံးအောင်လို့ ဆိုပြီး ပြောတယ်။ ဆင်ခြေသက်သက်လို့ပဲ မြင်ပါတယ်။ ကိုယ့်အတွက် မလိုအပ်ပေမယ့် လိုတော့ လိုချင်တာပဲ။ Stabilizer ကတော့ Software နဲ့ Hardware ကောင်းကောင်း ပေါင်းစပ်နိုင်တဲ့အတွက် တော်တော် သိသိသာသာ ငြိမ်ပါတယ်။

နားကြပ်

ဝမ်းနည်း စိတ်ပျက်ဖို့ကောင်း။ Google က ဘယ်တော့မှ သူ့ဖုန်းတွေမှာ နားကြပ် မထည့်ပေးဘူး။ သပ်သပ်ပြန်ဝယ်ရမှာပဲ။ ဒီလိုစျေးကြီးတဲ့ ဖုန်းကောင်းကောင်း ကိုင်ထားပြီး နားကြပ်ကျမှ လမ်းဘေးက ဗန်းလေးနဲ့ရောင်းတဲ့ နားကြပ် အညံ့စားတွေလည်း မသုံးချင်ဘူးလေ။ တစ်ကျပ်နောက်က တစ်မတ်လိုက်ရတော့မှာပေါ့။

လက်ရှိသုံးကြည့်ရသလောက်မှာ ပြဿနာတစ်ခု ရှိတယ်။ အရင်က သုံးခဲ့တဲ့ 3.5mm ခေါင်းနဲ့ iPhone နားကြပ်ကို ဆက်သုံးဖို့ ကြိုးစားကြည့်တယ်။ သူ့မှာ 3.5 mm jet မပါတဲ့အတွက် 3.5mm to Type-C adapter ခံပြီးသုံးတော့ လက်မခံဘူးဗျာ။ Type-C သက်သက်မှကို သုံးလို့ရတယ်။

DISPLAY

သူ့ရဲ့ Selling Point ထဲမှာ Display လည်းပါတယ်။ 90 Hz Refresh Rate နဲ့။ 90 Hz ကို နားလည်လွယ်အောင် ပြောရရင် တစ်စက္ကန့်ကို ပုံ ၉၀ ပြပေးနိုင်တယ်ပေါ့။ ပုံ ၉၀ ပြပေးနိုင်တော့ ဘာဖြစ်လဲ။ လက်ရှိစျေးကွက်ထဲက တစ်စက္ကန့် ပုံ ၆၀ ပြတဲ့ ဖုန်းတွေထက်စာရင် ပုံ ၉၀ က ပိုပြီးတော့ လက်တွေ့ ဆန်လာတယ်ပေါ့။ လူရဲ့ အမြင်အာရုံက တစ်စက္ကန့်ကို ၁၃ ပုံအထိ ဖမ်းနိုင်တယ်။ အဲ့ထက် ကျော်သွားရင် လှုပ်နေတယ်လို့ ဦးနှောက်က ထင်သွားတယ်။

လက်ရှိ 90 Hz နဲ့ သုံးနေရတာ ဘာမှ မထူးခြားဘူးလို့ ထင်ရတယ်။ ဒါပေမယ့် အရင်ဖုန်းရဲ့ 60 Hz နဲ့ ဂိမ်းပြန်ဆော့တော့မှ ကွာခြားမှုက တော်တော်သိသာသွားတယ်။ တလျှောက်လုံး အဲ့ဖုန်းသုံးခဲ့တုန်းက ဘာမှမဖြစ်ဘဲ အခုမှ ထစ်နေတာလိုလို ခံစားနေရတယ်။

DESIGN

Design ကတော့ အမှန်အတိုင်း ပြောရရင် Pixel 3 မှာလိုပဲ ကျွန်တော့ကို စိတ်ပျက်စေတယ်။ မလှလို့၊ မကြိုက်လို့တော့ မဟုတ်ဘူး။ iPhone ရဲ့ Design Concept နဲ့ တူနေလို့။ Pixel 4 မှာ Notch ကြီး မပါတော့လို စိတ်ချမ်းသာတယ်။ ကျောဖက်ကလည်း Matt ဖြစ်တယ်ဆိုပေမယ့် အရမ်းညက်တော့ Matt ဖြစ်မှန်းမသိရဘဲ ကိုင်လို့ကောင်းနေတယ်။ အနက်ရယ်၊ အဖြူရယ်၊ လိမ္မော်ရယ်ဆိုပြီး ၃ ရောင်လာတာမှာ လိမ္မော်ရောင်ကို တော်တော်လေး သဘောကျမိတယ်။ iPhone မှာမရှိတဲ့အရောင်လည်း ဖြစ်နေလို့။

ဒါပေမယ့် လိမ္မော်ရောင်က Limited Edition ဖြစ်တဲ့အတွက် ပစ္စည်းရဖို့ အရမ်းခက်တယ်။ Singapore Store မှာလည်း လိမ္မော်က 64GB ပဲ ရောင်းပေးတယ်။ ဒါကြောင့် နောက်ဆုံးရွေးချယ်မှုက အဖြူဖြစ်သွားတယ်။ Marques Brownlee ပြောတဲ့ Panda Version ပေါ့။ ကင်မရာကြီး အပြင်ထွက်နေတာကတော့ Cover မပါရင် တော်တော်လေး ဂရုစိုက်ရတဲ့ကိစ္စပဲ။

Source - PC World

Face Unlock

Face Unlock ကတော့ တော်တော်မြန်‌ပြီး အဆင်ပြေတယ်။ Review တွေမှာတော့ Fastest Face Unlock Ever လို့ ပြောကြတာပဲ။ Motion Sensor ကြောင့် ဖုန်းကို ကိုင်လိုက်တာနဲ့ Face Unlock က ဆင်သင့်ဖြစ်နေအောင် လုပ်ထားတာ။ အတိအကျ တိုင်းတာဖို့ခက်တာရော၊ မြန်မာနိုင်ငံမှာ Motion Sensor အလုပ်မလုပ်တာကြောင့်ရော iPhone ထက်ပိုမြန်သလား၊ မမြန်သလားဆိုတာ တပ်အပ် မပြောနိုင်ဘူး။ တချို့ တရုတ်ဖုန်းတွေလို Image Processing နဲ့ Unlock လုပ်တာ မဟုတ်ဘဲ Sensor နဲ့ Infrared နဲ့ဆိုတော့ လင်းနေနေ၊ မှောင်နေနေ၊ ပြောင်းပြန်ကြီးဖြစ်နေနေ ကောင်းကောင်းကြီး အလုပ်လုပ်တယ်။

ပြဿနာက သူ့ကိုမကြည့်လည်း ကိုယ့်ရုပ်ကြီးမြင်ရင် ထပွင့်တာပဲ။ မျက်လုံးမှိတ်ထားလည်း သူက Unlock လုပ်ပေးလိုက်တာပဲ။ ဒါတော့ မကောင်းဘူး။ ဒါပေမယ့် Software Level ကနေ ဖြေရှင်းလို့ရတဲ့ ပြဿနာဆိုတော့ Update လုပ်ပေးလို့ ရမှာပါ။

Google Assistant

Siri, Alexa, Bixy, Cortana ဘယ်ဟာပဲဖြစ်ဖြစ် Voice assistant မှာ Google ကို ယှဉ်လို့ မရပါဘူး။ Google Assistant က တော်တော်ကြီးကို Intelligence ဖြစ်ပါတယ်။ Google IO 2019 မှာပြသွားတဲ့ Google duplex ဆိုရင် လုံးဝကို ဟာခနဲ ဟင်ခနဲဖြစ်သွားအောင် မိုက်ပါတယ်။ ဒါပေမယ့် တစ်ခုမှ မြန်မာလို မရေသေးပါဘူး။ Google Assistant ကို ကိုယ်တိုင်မေးကြည့်ပါ မကြာခင် ရပါမယ်လို့တော့ စိတ်ချမ်းသာအောင် ပြောပေးပါလိမ့်မယ်။

Source - Google IO 2019

အခြားအတွေ့အကြုံများ

Pixel 4 (သို့) 4 XL မှာထားပြီးသား (သို့) ဝယ်ထားပြီးသားဆိုရင်တော့ စိတ်ခိုင်မှ ဒီအပိုင်းကို ဆက်ဖတ်ပါ။

ဒီဖုန်းကို မဝယ်ခင်ကတည်းက Bad Review တွေ အများကြီး ကြည့်ရ၊ ဖတ်ရတယ်။ ကိုယ်ကလည်း ဒီဖုန်းကိုမှ အရမ်းလိုချင်နေ၊ Bad Review တွေမှာ ထောက်ပြထားတဲ့အချက်တွေကလည်း ကိုယ့်အတွက် လက်ခံနိုင်တဲ့ အတိုင်းအတာဖြစ်နေ ဆိုတော့ မျက်စေ့စုံမှိတ်ပြီး ဝယ်လိုက်တယ်။

ပထမဆုံး ကြုံရတဲ့ အခက်အခဲက ဝယ်ရခက်တာပဲ။ အရှေ့အာရှမှာ Singapore တစ်ခုပဲ ရောင်းပေးတယ်။ Singapore Store မှာလည်း ပစ္စည်းက ပြတ်သွားတယ်။ ပြီးတော့ လိမ္မော်ရောင်ကလည်း Singapore Store မှာ 64 GB ပဲရောင်းတယ်။ မှာပြီးရင်လည်း 3 ပတ်စောင့်ရတယ်။ ဒါတောင် လူကြုံနဲ့ သယ်လို့။ မဟုတ်ရင် မြန်မာနိုင်ငံကို ပို့ခက ထပ်ကုန်ဦးမယ်။ တစ်ခုခုပျက်ရင်လည်း ဒီမှာ အပိုပစ္စည်း လုံးဝမရှိဘူး။

ကိုယ့်လက်ထဲ စရောက်တဲ့အချိန်မှာတော့ ပီတိတွေဖြာလို့။ ကိုယ်လိုချင်တာ ရပြီကိုး။ နောက်နေ့တန်းသုံးတော့တာပဲ။ စသုံးတဲ့နေ့ ညပိုင်းမှာပဲ ဖုန်းက Restart ဖြစ်ပြီး Boot မှာ ရပ်နေရော။ Hard Restart လုပ်တယ်၊ Rescue Mode ထဲဝင်တယ်၊ Recovery Mode ထဲဝင်တယ် ။ ဘာမှ လုပ်လို့မရဘူး။ လူက ဖျားချင်တာလိုလို၊ ကော်ဖီ ၆ ခွက်လောက်သောက်ပြီးလို့ ရင်တုန်နေတာလိုလို၊ ရည်းစားအသစ်စက်စက်က ကိုယ့်ကို စိတ်ကောက်သွားတာလို၊ ထိုင်မရ၊ ထမရနဲ့ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတယ်။ နောက်ဆုံး ရတဲ့နည်းနဲ့ Factory Reset လုပ်လိုက်တော့ ပြန်ကောင်းသွားတယ်။ Online မှာ ရှာကြည့်တော့ အလားတူ ပြဿနာမျိုးဖြစ်တဲ့သူတွေ ရှိတယ်။ Google က ဘာမှ ဟုတ်တိပတ်တိ ပြန်မလုပ်ပေးဘူးဆိုတာ သိရတော့ တော်တော်စိတ်ဆင်းရဲသွားတယ်။ အခု ဒီစာရေးနေတဲ့အချိန်မှာ (၂ ပတ်အတွင်း) ဒါမျိုး ၂ ကြိမ်ဖြစ်ပြီးသွားပြီ။

ဒီပြဿနာကို Google ရဲ့ Support Team ကိုလည်း ပြောတယ်၊ Google ရဲ့ Twitter account မှာလည်းပြောတယ်၊ ကိုယ်တွေနိုင်ငံက Service တွေနဲ့ အတူတူပဲ။ Support Team က ဒီနေ့ထိ Reply မပြန်ဘူး။ Twitter Account ကနေတော့ စိတ်ကူးပေါက်ရင် Reply ပြန်တယ်။ ဘာမှ ရေရေရာရာ ‌အဖြေမရသလို စိတ်ကျေနပ်လောက်တဲ့ ဖြေရှင်းချက်လည်း မပေးဘူး။ ရှာဖတ်ကြည့်ရသလောက် နောက်ဆုံးအဆင့် Warranty ပြန်ဦးတော့ Google က Refurbish ပဲ ပြန်ပေးမှာလို့ သိရတယ်။ အဲ့တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ခံပေတော့ပဲပေါ့။

ဒီလိုဖြစ်တိုင်း Factor Reset လုပ်နေရတော့ ကိုယ့်ဖုန်းထဲက အချက်အလက်တွေ မပျက်သွားဖို့ ဖြေရှင်းနည်းက Online Backup အမြဲလုပ်ထားဖို့ပဲ။ Backup လုပ်စရာ ကြီးကြီးမားမားက ဓာတ်ပုံတွေနဲ့ မှတ်စုတွေပဲ။ Google က pixel 1 ကနေ 3 အထိ User တွေအတွက် Photo တွေကို Original Size နဲ့ Unlimited Free Online Backup ပေးတယ်။ Pixel 4 မှာတော့ Original Size ကို Free မပေးတော့ဘူး။ ဒီတော့ လစဉ်ကြေးပေးမှရမယ်။

နောက်ပြဿနာက Screen မှာသုံးထားတဲ့ Oleophobic Coating ပါ။ ဒါကတော့ မဖြစ်သေးပါဘူး။ Online မှာတွေ့ရတဲ့ ပြဿနာပါ။ MacBook 2013 က Retina display ရဲ့ coating လိုပဲ သုတ်လို့ မပြောင်တော့တဲ့ ပြဿနာ ဖြစ်တတ်ပါတယ်။ ဒါကို ကာကွယ်ဖို့ Ali Express ကနေ Screen Cover မှာပြီး ကပ်ထားရပါတယ်။

Source - Harish Jonnalagadda

ဒီတစ်ခုကတော့ Software ပိုင်းပါ။ Screenshot ရိုက်ဖို့ လက်ကို ၂ ခါ အလုပ်ပေးရပါတယ်။ Power Button ကို နှိပ်ထားပြီး Screenshot Button ကို ထပ်နှိပ်ရပါတယ်။ သူ့မှာ ဖုန်းကို ညှစ်လို့ရတဲ့ Feature ပါပေမယ့် အဲ့ဒါက Google Assistant တစ်ခုအတွက်ပဲ အလုပ်လုပ်ပါတယ်။ Google Assistant က “Ok Google” လို့ ပြောပြီးတော့ဖြစ်ဖြစ်၊ Screen ဘယ်ညာ အောက်ထောင့်လေးကနေ ဆွဲပြီးတော့ဖြစ်ဖြစ် Assistant Button ကို နှိပ်ပြီးတော့ဖြစ်ဖြစ် လုပ်လို့ ရနေတာပဲ။ Squeeze ကို Screenshot အတွက် သုံးလို့ရရင် ပိုအဆင်ပြေလိမ့်မယ်။

မြန်မာစာနဲ့ ပတ်သက်တာလည်း ထည့်ပြောမှ ဖြစ်လိမ့်မယ်။  Android Q မှာ မြန်မာစာက Notosan Zawdecode နဲ့ လာတာ။ ဇော်ဂျီရော ယူနီကုဒ်ရော ဖတ်လို့ရတယ်။ ဖတ်လို့ရတယ်ဆိုတာက မှန်တယ်လို့ မဆိုလိုဘူး။ ဒါကြောင့် တချို့နေရာတွေမှာ နည်းနည်းလွဲနေတယ်။ "လိုက်" လို့ရိုက်ရင် "လိုကျ" လို့မြင်ရတယ်။ နောက်ပြီး GBoard မှာ ကင်းစီးတို့၊ ၀ိယာမတို့ရိုက်တဲ့ +​ ပုံစံလေးက မပေါ်တော့ဘူး။ ရိုက်လို့တော့ရနေတယ်။

Google က Hardware တွေကို လျှော့ထားပြီး သူတို့ ကျွမ်းကျင်တဲ့ Software ပိုင်းနဲ့ ပြန်ထိန်းထားတယ်။ Hardware လိုအပ်ချက် တော်တော်များများကို Software နဲ့ ပြန်ဖြည့်ပေးထားတယ်။ ဒါကြောင့် Hardware တွေက Level တန်းဖုန်းတွေထက် နှိမ့်နေပြီး အပြောအဆို ခံနေရတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း 4K ကို 60fps နဲ့ ရိုက်မရတာမျိုးတွေ ဖြစ်လာတယ်။ ဝယ်ရတာ မတန်လူးဆိုတဲ့ အသံတွေ ထွက်လာတယ်။ ကျွန်တော့ အမြင်ကတော့ လက်ရှိဖြစ်နေတဲ့ ပြဿနာသာ မရှိခဲ့ဘူးဆိုရင် တန်တယ်လို့ပဲ ပြောရမယ်။ Hardware က ဘယ်လို၊ ဘယ်ညာ ဆိုတာတွေကို ဘေးဖယ်ထားပြီး  ကိုယ်လိုချင်တာ ရသလား။ ရရင် တန်တယ်။ ဒီလိုပဲ တွေးပါတယ်။

Source - Youtube Google

ဝယ်သင့်တယ်၊ မဝယ်သင့်ဘူးဆိုတာကို အကြံမပြုလိုပါဘူး။ အပေါ်မှာ ရေးခဲ့တာတွေကို ဖတ်ပြီးသွားရင် သာမန်လူတစ်ယောက်အနေနဲ့ မဝယ်တော့ဘူးလို့ ဆုံးဖြတ်မှာသေချာပါတယ်။ ကျွန်တော့လို ရူးသွပ်သူဆိုရင်လည်း ဘယ်သူဘာပြောပြော ဝယ်ကိုဝယ်မှာ အသေအချာပါပဲ။ ဒါကြောင့် နိဂုံးချုပ်အနေနဲ့ ပြောချင်တာက ၀ယ်ကို၀ယ်မယ်ဆိုရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံပါ။ ကျွန်တော့်လို မဖြစ်ဖို့လည်း မျှော်လင့်ပါတယ်။ ကျွန်တော်ကတော့ ရူးသွပ်စွာနဲ့ပဲ ဆက်ပြီး သုံးနေဦးမှာပါ။


Attributions

Cover Photo - Computer World