လက်ဖက်ရည်ဆိုင်
တကယ်တမ်း လက်ဖက်ရည်ဆိုင်ကို ဟုတ်တိပတ်တိ စထိုင်ဖြစ်တာက ဆယ်တန်းအောင်ပြီးမှလို့ ပြောရမယ်။ ငယ်ငယ်က လူကြီးတွေနောက်လိုက်ပြီး မုန့်လိုက်စားဖူးတာတော့ ရှိတာပေါ့လေ။ စစချင်းကတော့ ဒီလိုပဲ၊ သူငယ်ချင်းတွေထိုင်လို့ ရောယောင်ပြီး လိုက်ထိုင်ခဲ့တာ။ ဆယ်တန်းအောင်ပြီးခါစ တက္ကသိုလ်တက်ဖို့ စောင့်နေတုန်းဆိုတော့ ထုံးစံအတိုင်း ယောင်ခြောက်ဆယ်ပေါ့။ ဘာရယ်ညာရယ်မဟုတ်ဘူး၊ ကိုယ့်ဟာကိုယ် လက်ဖက်ရည်ဆိုင်ထိုင်ဖို့ လုံလောက်တဲ့ အသက်အရွယ်ပဲ ရောက်လာသလိုလို၊ ဒီအရွယ်ဆို လက်ဖက်ရည်ဆိုင်ထိုင်ကို ထိုင်ရမယ်လို့ပဲ ပြဌာန်းထားသလိုလို၊ ဒီအရွယ်ရောက်လို့ လက်ဖက်ရည်ဆိုင်မှ မထိုင်ရင် ဒိတ်ပဲအောက်သလိုလို ထင်ခဲ့ကြပုံပဲ။ မှတ်မှတ်ရရ ပထမဆုံးအကြိမ် လက်ဖက်ရည်ဆိုင်ထိုင်ပြီး အိမ်ပြန်တဲ့အချိန်ကြတော့ ဘဝမှာ achievement တစ်ခုပဲ အောင်မြင်သွားသယောင်ယောင်၊ အပြစ်တစ်ခုခုပဲ လုပ်လိုက်မိသယောင်ယောင်နဲ့ စိတ်ထဲ မတင်မကျရယ်။ ဒီလိုနဲ့ပဲ လက်ဖက်ရည်ဆိုင်ထိုင်ခြင်းဆိုတာက ဘဝရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာဖို့ စတင်လာတော့တာပါပဲ။
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် လက်ဖက်ရည်ဆိုင်ထိုင်တာကို လူကြီးတွေက သိပ်မကြိုက်တာတော့ အမှန်ပဲ။ အဲဒါက စထိုင်ကတည်းကနေ ခုထက်ထိပဲ ဆိုပါတော့။ အထူးသဖြင့် အဖေက လက်ဖက်ရည်ဆိုင်တွေဘာတွေ ထိုင်လေ့ထိုင်ထမရှိတဲ့သူဆိုတော့ ကိုယ့်အလှည့်ကျ ရှင်းပြရတော့ခက်တယ်။ တကယ်တော့ သူတို့ပြောတာတွေကလည်း မှားတယ်လို့မဆိုသာဘူး။ လက်ဖက်ရည်ဆိုင်က ပန်းကန်ခွက်ယောက်တွေ သေချာမဆေးကြောထားလို့၊ နောက်ပြီး ရေနွေးကြမ်းကျိုတဲ့၊ လက်ဖက်ရည်ဖျော်တဲ့ ရေကမသန့်လို့ ကျန်းမာရေးအတွက် မကောင်းတာက တစ်ကြောင်း၊ ထိုင်မိပြီဆိုရင် ဖင်ကျောက်ချထားသလို အကြာကြီးထိုင်တတ်ကြတာဆိုတော့ ဆိုင်ကိုလာကြတဲ့ လူပေါင်းစုံနဲ့တွေ့ပြီး ခိုက်ရန်ဖြစ်နိုင်တာကတစ်ကြောင်း၊ အရည်မရအဖတ်မရတွေထိုင်ပြောပြီး အချိန်တွေဖြုန်းမှာ စိုးရိမ်တာကတစ်ကြောင်း၊ အကြောင်းကြောင်းကြောင့် စိတ်တော့ပူကြတာကိုး။ ဒါပေမယ့် အချိန်တန်တော့လည်း လက်ဖက်ရည်ဆိုင်ထိုင်တာ၊ ဘီယာဆိုင်ထိုင်၊ ကလပ်တက်တာမဟုတ်ဘူး၊ သူများတွေလို မူးရူးပျက်စီးနေတာမဟုတ်ဘူး ဆိုတဲ့ ဆင်ခြေလေးတွေပေးကြတာ ဆိုတော့လည်း လူကြီးတွေခမျာမှာ သိပ်တော့ မပြောသာဘူး မဟုတ်လား။ မချစ်သော်လည်း အောင့်ခါနမ်းဆိုလိုမျိုးပေါ့။
ဒီလိုနဲ့ လက်ဖက်ရည်ဆိုင်ကို စွဲစွဲမြဲမြဲထိုင်ခဲ့ကြတာ အခုဆို ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီလို့ ပြောရမယ်။ စစထိုင်ချင်းတုန်းကတော့ ကျောင်းသားဘဝဆိုတော့ ရှိစုမဲ့စုမုန့်ဖိုးလေးကို ဒီလိုပဲ ခြစ်ကုပ်ပြီး လက်ဖက်ရည်ဖိုးရအောင် ချန်ရတာပေါ့။ လက်ဖက်ရည်ဆိုင် ထိုင်ဖို့ဆိုပြီးတော့လည်း အိမ်ကို သွားမတောင်းရဲဘူးလေ။ ဒီတော့ လက်ဖက်ရည်တစ်ခွက်နဲ့ လန်ဒန်တစ်ပွဲဖိုးရှိရင်ပဲ အတော်ဟုတ်လှပြီ ပြောရမယ်။ အဲ့တုန်းက ရှယ်တစ်ခွက်မှ တစ်ရာ့ငါးဆယ်နဲ့ လန်ဒန်တစ်လိပ်မှ ငါးဆယ်ကိုး။ အဲဒါတောင် ဖျစ်ဖျစ်မြည်အောင် ချန်ရတာ။ ဖြစ်ချင်တော့ ကိုယ်နေတာက သဃ်န်းကျွန်း၊ ထိုင်တဲ့ လက်ဖက်ရည်ဆိုင်က ရန်ကင်းမှာ (ရန်ကင်းမှာမွေးပြီး၊ ဆယ်တန်းကို ရန်ကင်းကျောင်းကပဲ အောင်ခဲ့တာဆိုတော့ ကိုယ်နဲ့ ပေါင်းတဲ့သူတွေအကုန်လုံးက ရန်ကင်းကဖြစ်နေရော)၊ အဲတော့ အိမ်ပြန်ဖို့ ဘတ်စ်ကားခကလည်း ချန်ရသေးတယ်။ တစ်ခါတလေ သုံးတာ လက်လွန်သွားတဲ့နေ့ဆို အိမ်ကို လမ်းလျှောက်ပြန်ရတာက ရှိသေးတယ်။ မဟုတ်လည်း ရတနာလမ်းပေါ်ပြေးတဲ့ ၁၀၅ ဒိုင်နာကို မညည်းမငြူ တွယ်စီးပြီး သွားတာပါပဲ။ ဒါတောင် သစ္စာလမ်းပေါ်က လက်ဖက်ရည်ဆိုင်ကနေ ရတနာလမ်းဖက်ကို ဘတ်စ်ကားစီးဖို့ လမ်းပြန်လျှောက်ရတာ မပါသေးဘူး။ လက်ဖက်ရည်ဆိုင် ထိုင်ရတာကို အဲ့လောက်ထိ မက်မက်မောမောရှိခဲ့တာ ပြောပါတယ်။
ကိုယ်တွေ လက်ဖက်ရည်ဆိုင် ထိုင်တယ်ဆိုတာ သူများတွေလို လက်ဖက်ရည်သောက်ရပြီးရော ဘယ်ဆိုင်ဖြစ်ဖြစ် ဝင်ထိုင်လိုက်တာမျိုးလည်း မဟုတ်ပြန်ဘူး။ ထိုင်နေကျဆိုင်၊ ထိုင်နေကျစားပွဲမှာမှ ထိုင်နေကျခုံမှာ ထိုင်ရမှ နေသာထိုင်သာရှိတာမျိုး။ ဆိုင်ရောက်လို့ ကိုယ်ထိုင်နေကျ စားပွဲမှာ တခြားသူတွေထိုင်နေရင် လွတ်တဲ့ဝိုင်းမှာ ခဏဝင်ထိုင်ပြီး လွတ်ပြီဆိုတာနဲ့ ကိုယ့်စားပွဲကိုယ်ပြေးကြတာပဲ။ အကြောင်းကြောင်းကြောင့် တခြားဆိုင်တွေမှာထိုင်ရရင် သက်တောင့်သက်သာမရှိသလို ခံစားရတယ်။ သိပ်လည်းကြာကြာမထိုင်ဖြစ်ဘူး။ အဲလိုပြောလို့ ကိုယ်တွေထိုင်တဲ့ဆိုင်က ဘာများထူးထူးခြားခြား သားနားနေလို့လဲ ဆိုတော့လည်း မဟုတ်။ အစားအသောက်၊ လက်ဖက်ရည် အရသာဆိုရင်လည်း ဘာမှ ဟုတ်တိပတ်တိပြောရလောက်အောင် ကောင်းတယ်လည်း မဟုတ်ပါဘူး။ သာမန် လမ်းဘေးက လက်ဖက်ရည်ဆိုင်ခပ်သေးသေး တစ်ဆိုင်ပါပဲ။ ဒါပေမယ့် နှစ်ရှည်လများထိုင်လာခဲ့တာဆိုတော့ သံယောဇဥ်ပဲခေါ်မလား၊ အကျင့်ပါနေတာလို့ပဲ ပြောမလား၊ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်တွေအတွက်တော့ ဒီလက်ဖက်ရည်ဆိုင်လောက် ထိုင်လို့ကောင်းတာ ကမ္ဘာမှာမရှိတော့ဘူးလို့တောင် ဆိုရမလိုလို။
အဲလို မက်မက်သက်သက် ဖြစ်ရလောက်အောင် သံယောဇဥ်တွယ်ရတဲ့ အကြောင်းအရင်းကလည်း ရှိပြန်တာကိုး။ တက္ကသိုလ်ကျောင်းသားဘဝကစလို့ လုပ်ငန်းခွင်ထဲရောက်၊ ခု အသက်သုံးဆယ် နားကပ်တဲ့အချိန်ထိ ဒီနေရာမှာပဲ ခံစားချက်ပေါင်းများစွာကို ရင်ဖွင့်ခဲ့ကြတယ်။ အသည်းကွဲတာပဲဖြစ်ဖြစ်၊ အိမ်နဲ့ စိတ်ကောက်တာပဲဖြစ်ဖြစ်၊ အလုပ်မှာ စိတ်ဓါတ်ကျတာပဲဖြစ်ဖြစ်၊ တစ်ခုခု အဆင်ပြေလို့ ပျော်တာပဲဖြစ်ဖြစ်၊ မကျေမနပ်နဲ့ ဒေါသထွက်တာပဲဖြစ်ဖြစ် ဒီနေရာမှာတင် အားလုံးက သူ့အပူကို ကိုယ့်အပူလုပ်ခဲ့ကြတာဆိုတော့ ကိုယ်တွေအတွက် တော်ရုံထက် ပိုတဲ့ နေရာတစ်ခုအနေနဲ့ ရှိနေတာကတော့ အမှန်ပဲ။ ကြီးကြီးကျယ်ကျယ် ပြောရရင် F.R.I.E.N.D.S ထဲက Central Perk ကော်ဖီဆိုင်လို၊ How I met your mother ထဲက MacLaren's bar လို နေရာတစ်ခုလို့ တင်စားရမှာပဲ။ တစ်ခါတစ်လေကျပြန်တာ့လည်း ဘာရယ်မဟုတ် ရောက်တတ်ရာရာတွေ ပြောရင်းနဲ့ ကုန်ဆုံးတဲ့ ဆေးလိပ်ငွေ့တွေကြားက ညနေခင်းတစ်ခုပေါ့။ ဘောလုံးပွဲတွေ၊ သီချင်းတွေ၊ သမိုင်းကြောင်းတွေ၊ နိုင်ငံရေးတွေ၊ ကိုးကွယ်ယုံကြည်မှုတွေ၊ ဖတ်ခဲ့ဖူးတဲ့ စာတွေ၊ ကဗျာတွေ၊ ကြိုက်ခဲ့၊ လိုက်ခဲ့ဖူးတဲ့ ကောင်မလေးတွေ၊ ရှေးဟောင်းနှောင်းဖြစ်တွေ၊ မျှော်လင့်ချက်တွေ အစရှိသဖြင့်။
အထက်တန်းကျောင်းထဲက တွဲလာခဲ့ကြတဲ့သူတွေ ခုထိအဆက်အသွယ်မပြတ်ပဲ အပတ်တိုင်း တွေ့ကြတယ်ဆိုတာ ကိုယ်တွေအရွယ်လောက်ရောက်ရင် အတော်လေးရှားသွားတယ် ပြောရမယ်။ အားလုံးက ကိုယ့်အလုပ်နဲ့ကိုယ်ဆိုတော့ မအားကြ၊ အချိန်မပေးနိုင်ကြတော့တာလည်း ပါမှာပေါ့။ ကိုယ်တွေအဖွဲ့က ဒီလောက်ထိ တပူးပူး တတွဲတွဲဖြစ်ရတဲ့ အကြောင်းအရင်းထဲက တစ်ခုက ဒီလက်ဖက်ရည်ဆိုင်ကြောင့်လို့ ဆိုရင်လည်း မှားမယ်မထင်ဘူး။ ဆိုင်မှာခေါ်ထားတဲ့ စားပွဲထိုးချာတိတ်တွေသာ ငါးဖွဲ့၊ ခြောက်ဖွဲ့လောက် ပြောင်းသွားတယ်။ ကိုယ်တွေကတော့ စနေ၊ တနင်္ဂနွေ ညနေဆို ထိုင်နေကျဝိုင်းမှာ အရင်အတိုင်းပဲ။
အခုတော့ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြားကိုရောက်သွားတဲ့အခါမှာ ဘာတွေကို အလွမ်းဆုံးလည်းမေးရင် ထိုင်နေကျလက်ဖက်ရည်ဆိုင်နဲ့ ကိုယ့်အပေါင်းအသင်းတွေက မပါမဖြစ်လို့ ဖြေရမှာပဲ။ လူကြီးတွေပြောသလို လက်ဖက်ရည်ဆိုင်ထိုင်၊ အရည်မရအဖတ်မရတွေပြော အချိန်ဖြုန်းတယ်ပဲ ထားဦး၊ ကိုယ့်ကိုယ်အလေးထားတဲ့သူတွေ၊ ကိုယ်ကအလေးထားရတဲ့သူတွေနဲ့ ကုန်ဆုံးရတဲ့အချိန်တွေက ကိုယ့်ဟာကိုတော့ တန်တယ်လို့ပဲ မှတ်ယူတယ်။ ဘဝဆိုတာလည်း တိုတိုလေးမဟုတ်လား။ ရှုပ်ထွေးလွန်းလှတဲ့ လောကကြီးမှာ တစ်နေ့နေ့ ကြိုးစားရ၊ ရုန်းကန်ရနဲ့ အပူတွေ၊ အမောတွေ၊ အဆင်မပြေမှုတွေကြားမှာ တစ်ခါတစ်လေတော့လည်း စိတ်အေးလက်အေးနဲ့ ရေနွေးကြမ်းလေးသောက်ပြီး စကားပြောလိုက်၊ ဆိုင်ရှေ့က လမ်းပေါ်မှာ ဥဒဟိုသွားလာနေတဲ့ လူတွေ၊ ကားတွေကို ငေးလိုက်နဲ့ နေရတာလည်း ကိုယ်တွေအတွက်တော့ စိတ်အပန်းပြေစရာတစ်ခုလို့ပဲ ဆိုရမှာကိုး။