အချိန်ကို စီမံခန့်ခွဲမှု
Featured Image credit goes to Naing Win.
downloaded from MyanPx.com
အခုတလော ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေရှိလို့ စာမရေးဖြစ်တာ ကြာပြီ။ ကိုယ် သတိထားမိတဲ့ ကိုယ့်ရဲ့ အကြီးမား ဆုံးအားနည်းချက်ထဲမှာ အချိန်ကို စီမံခန့်ခွဲတာပဲ။ တစ်ခုခုလုပ်တော့မယ်ဆိုရင် စိတ်ပါရင် ဝုန်းဒိုင်း ထလုပ်လိုက်ပေမယ့် စိတ်မပါတဲ့ အချိန်ဆိုရင် ထိကို မထိချင်တော့တာ။ ဒါကို သတိထားမိတာတော့ ကြာပြီ။ မှတ်မှတ်ရရ ငယ်ငယ်ထဲကပဲ။
အထက်တန်း ကျောင်းတုန်းကဆိုရင် ကျောင်းစာက လွဲရင် အပြင်စာ အကုန်ဖတ်တယ်။ ကျောင်းစာလည်း ဖတ်တော့ဖတ်ပါတယ်။ ပုံပြင်တွေ ဖတ်သလိုပဲ ဖတ်ခဲ့ပြီး ကျက်မှ မကျက်ခဲ့တာ။ စာမေးပွဲရောက်တော့ ရမ်းသမ်းဖြီးချပြီး ရေးခဲ့တာပဲ။ ၁၀ တန်း အောင်ခဲ့တာတောင် ကိုယ့်ကိုယ်ကို အံဩနေတာ။
ကိုယ့်ကိုယ်ကို ကံကောင်းတယ် ထင်တာကတော့ ကိုယ် လုပ်ချင်တာလုပ်ခွင့်ရတာကိုပဲ။ မိဘတွေကလည်း မင်းဘာဖြစ်ရမယ် ဆိုပြီး ကန့်သတ်မခဲ့တော့ ကိုယ်ဝါသနာပါတဲ့၊ ကိုယ်စိတ်ဝင်စားခဲ့တာကိုပဲ တစိုက်မတ်မတ် လုပ်ခဲ့တယ်။
နောက်ထပ် သတိထားမိတာ တစ်ခုက ကိုယ့်ရဲ့ တစ်ခုခုကို ပြီးအောင်လုပ်ဆောင်နိုင်မှုပဲ။ လုပ်ရင်း လုပ်ရင်း တစ်ဝက်ရောက်ရင် ပျင်းသွားပြီး တခြားတစ်ခုကို စိတ်ရောက်သွားရော။ ဒါကို ဘယ်လို ပြင်နေလဲ ဆိုတော့ အိမ်အလုပ် လုပ်ကြည့်ပြီးတော့ ပြင်ကြည့်နေတယ်။ ပန်းကန်ဆေး၊ အဝတ်လျှော်၊ အိမ်သန့်ရှင်းရေး လုပ် အဲဒီလိုမျိုးပေါ့။ ကိုယ့်ဟာကို လှုပ်တုတ်လှုပ်တုတ် လုပ်တာဆိုတော့ တော်တော်လည်း ကြာပါတယ်။ ပန်ကန်ဆေးနေတုန်း ပျင်းသွားရင် အဝတ်လျှော်လိုက်တာမျိုး၊ ပြီးမှ ပန်းကန် ဆက်ဆေး၊ အဲလိုမျိုး ကိုယ့်ဟာကိုယ် နည်းနည်းခြင်းစီတော့ လေ့ကျင့်နေတယ်။
ဘာဖြစ်လို့ အိမ်အလုပ်နဲ့ စလဲဆိုတော့ ယောက်ျားက အိမ်အလုပ်လုပ်ရင် မိန်းမစိတ်ကြည်တယ်ဗျ။ မှတ်ထား ... ကိုယ့် မိန်းမ စိတ်ချမ်းသာရင် ကမ္ဘာကြီး အေးချမ်းတယ်။ ကိုယ့်မိန်းမကို စိတ်ချမ်းသာအောင်သာထား၊ ကိုယ်လည်း နားအေးပါးအေး နေရမယ်။ ၁ ချက်ခုတ် ၂ ချက်ပြတ်ပေါ့ဗျာ။
အဲ ... ဒါနဲ့ အချိန်ကို ဘယ်လိုစီမံခန့်ခွဲမလဲ ဆိုတာ ပြန်ဆက်ရအောင်။ အကောင်းဆုံးကတော့ စာရွက် တစ်ရွက်ပေါ်မှာ ချရေးလိုက်ပါ။ ဒီနေ့ ဘာလုပ်မယ်။ မနက်ဖြန် ဘာလုပ်မယ် ဆိုတာတွေကို ချသာရေးလိုက်။ ပြီးတော့ ကိုယ် ရေးထားတာတွေကို ကိုယ်ဘယ်အချိန်တွေမှာ လုပ်တတ်လဲ ဆိုတာကို ပြန်ပြီး စောင့်ကြည့်ကြည့်။ ကိုယ့်ရဲ့ ထပ်တလဲလဲ လုပ်ဆောင်ချက် (pattern) တွေကို သတိထားမိလာလိမ့်မယ်။ အဲတော့ မှ အဲဒါတွေကို အချိန်ကန့်သတ်ချက်နဲ့ လုပ်ကြည့်လိုက်။ ဖြည်းဖြည်းချင်းစီပေါ့။
ရေးရတာပျင်းလာပြီ။ နောက်ပိုင်းစိတ်ပါရင် ဒီဂျစ်တယ်နည်းနဲ့ အချိန်ကိုစီမံခန့်ခွဲမှုအကြောင်း ပြန်ရေးတော့မယ်။ အခုတော့ အဝတ်သွားလှမ်းလိုက်ဦးမယ် ...
မှတ်ထား ... ကိုယ့် မိန်းမ စိတ်ချမ်းသာရင် ကမ္ဘာကြီး အေးချမ်းတယ်။ ကိုယ့်မိန်းမကို စိတ်ချမ်းသာအောင်သာထား၊ ကိုယ်လည်း နားအေးပါးအေး နေရမယ်။