My first IEM experience
တလောက Chi-fi လိုခေါ်တဲ့ တရုတ်ကထုတ်တဲ့ နားကြပ်တွေ ခေတ်ထလာတာကို သတိထားမိတော့ ကိုယ်လည်း တလုံးဝယ်မလို့ ကြံစည်နေပေမယ့် လက်တလော အိမ်မှာရှိပြီး နားကြပ်တွေကို အားနာလာတာရယ် ၊ မလိုပဲနဲ့သုံးလို့ ပိန်သွားမယ့် ကိုယ်ပိုက်ဆံအိတ်လေးကို အားနာတာနဲ့ မဝယ်ဖြစ်ဘူး။ တိုက်တိုက်ဆိုင်ဆိုင် ရုံးက Collegue တစ်ယောက်က နားကြပ်ဝယ်ချင်လို့ ဘာဝယ်ရင်ကောင်းမလဲ မသိတာနဲ့ အကြံပေးပါဦး ဆိုတာနဲ့ KZ ဆိုတဲ့ ကုမ္ပဏီ က စျေးသိပ်မကြီးတဲ့ နားကြပ်တစ်ခု ညွန်းလိုက်တယ်။ တရုတ်ကုမ္ပဏီဆိုပင်သော်ညား Fiio တို့ KZ တို့ Tin Audio တို့က ဒီဘက်နောက်ပိုင်း Audiophile တွေကြိုက်လေ့ရှိတဲ့ product ထုတ်တဲ့နေရာမှာ mainstream မှာ လူသိမများပေမယ့် သူ့ပရိသတ်နဲ့သူ ရှိပါတယ်။ အကြောင်းကလည်း တရုတ်ထုတ်ပစ္စည်းပီပီ သူများနိုင်ငံက ပစ္စည်းထက်စာရင် ဆယ်ဆလောက် သက်သာနေတော့ Quality က အဲဒီ product ကိုမမှီပဲ တဝက်လောက်မှီတယ် ဆိုရင် တန်တယ်ပြောလို့ရတာကိုး။ တဖက်ကပြန်ကြည့်ရင်လည်း Audiophile product တွေက စျေးက တစ်ခုတစ်ခုကို ဒေါ်လာရာနဲ့ချီကနေ ထောင်နဲ့ချီရှိနေတော့ ပစ္စည်းများများစားစား ဝယ်ဖို့ဆိုရာမှာလည်း အခက်အခဲရှိတဲ့ အပြင်ဝယ်ပြီးမှ မကြိုက်ဘူးဆိုရင်လည်း ပလုံသွားတာနဲ့ အတူတူဖြစ်ပြန်ရော။
အခုဝယ်တဲ့ KZN Pro က သမရိုးကျ နားကြပ်တွေနဲ့ ဘာထူးပြန်သလဲဆိုတော့ ပုံမှန်သာမရိုးကျ Dynamic Driver တစ်လုံးအပြင် Balanced Armature Driver တစ်လုံးပါတယ်။ ဒီတော့ ဘာတွေလဲဆိုတာ အကြမ်းဖြင်းပြောရမယ်ဆိုရင် driver ဆိုတာကိုပါ ပြန်ရှင်းမှရမယ်။ နားကြပ်တွေမှာ ပါလေပါထရှိတဲ့ driver တွေက ငါးမျိုးရှိပါတယ်။ Dynamic, Balanced Armature, Planar Magnetic, Electrostatic, Magnetostriction (ဝါ) bone conduction.
အခု စျေးကွက်မှာရှိတဲ့ earphone တွေ headphone တွေ (Open-back ကော Closed-back) အားလုံးနီးပါက Dynamic Driver ကိုသုံးတာပါ။ ငယ်ငယ်တုံးက နားကြပ်ပျက်လို့ ဖောက်ကြည့်ရင်း သံလိုက်တုံးအဝိုင်းလေးတွေ ထုတ်ထုတ်ဆော့ဖူးရင်တော့ အမြင်အားဖြင့် မစိမ်းပါဘူး။စျေးသက်သာတာရယ် Bass result ကောင်းတာရယ်ကြောင့် သုံးပေမယ့် အသံကျယ်လာတာနဲ့ အမျှ အသံလုံးတဲ့ ပြဿနာက အနည်းနဲ့အများရှိပါတယ်။ ဒါကိုဘယ်လိုဖြေရှင်းထားတာလဲ ဆိုတာ မူတည်ပြီး စျေးက ကွာသွားတာပါ။
အခုစမ်းချင်တဲ့ Balanced Armature Driver ကြပြန်တော့ ပုံမှန်အားဖြင့် စျေးကြီးလေ့ရှိပြီး အသံ quality ပိုကောင်းပါတယ်။ သို့သော် သူ့မှာလည်း သူပြဿနာနဲ့သူဆိုရမလဲ cover လုပ်နိုင်တဲ့ အသံ frequency နည်းပါတယ်။ ဒါကြောင့် A က ဘယ်ကနေ ဘယ်အထိ cover လုပ် B ကတော့ ဘယ်ကနေ ဘယ်အထိ ဆိုတဲ့ ဗျုဟာအတိုင်း ချလေ့ရှိတော့ Driver တစ်လုံးထက်ပိုလေ့ရှိပါတယ်။ တစ်လုံး ထဲတောင် စျေးကြီးနေတာ အများကြီး ဘယ်လောက်များမလဲဆိုတာ အံဩဖွယ်ရာမရှိပါဘူး။ Senheisser က IEM တွေဆိုရင် ဒေါ်လာ ၃၀၀ ကနေ ၈၀၀ ကြားရှိပါတယ်။ အမြင်အားဖြင့်တော့ နားကြပ်ပဲဆိုတော့ ကိုယ်ဝယ်မယ်ဆိုရင်တောင် မိဘမောင်ဘွားတွေက ရူးနေတယ်လို့ အထင်ခံရမှာပါ။
အဲဒီအချိန်မှာ ပြည်မကြီးက မည်သို့မည်ပုံလုပ်လိုက်သည် မသိ၊ စျေးက ဆယ်ဆလောက် သက်သာနေတော့ စမ်းသုံးချင်တဲ့သူတွေ အကြိုက်တွေ့မှာပါ။ ကျန်တဲ့ Driver သုံးခုဖြစ်တဲ့ Planar Magnetic, Electrostatic တို့ Magnetostriction တို့ထဲမှာ လူအများစုနဲ့ လက်လှမ်းမှီနိုင်တာက Bone Conduction နားကြပ်လို့ခေါ်မယ့် Magnetostriction အမျိုးအစားပါ။ သူကတော့ လေထဲကနေ နားစည်ကိုသွားရိုက်ခက်တာမဟုတ်ပဲနဲ့ နားထင်ကိုဖိထားပြီး ရိုက်ခတ်တာဆိုတော့ နားလမ်းကြောင်းတစ်လျောက် ပိတ်ဆို့ထားတာ မရှိပါဘူး။ အဲဒီအတွက် သီချင်းနားထောင်နေပေမယ့် ပြင်ပက အသံကိုကြားရပါတယ်။ အားကစားသမားတွေ ပြေးတဲ့သူတွေ အတွက်သင့်တော်ပါတယ်။ ကျန်တဲ့ အမျိုးအစားနှစ်ခုကတော့ ဒေါ်လာထောင်နဲ့ချီပါတယ်။
လိုရင်းကို ဆက်ရရင်ဖြင့် KZ ရဲ့ အဲဒီနားကြပ်ကို Shop.com.mm မှာတွေ့လိုက်တော့ အလွယ်တကူ မှာလို့ရတာနဲ့ မှာခိုင်းလိုက်ရင် ရောက်လာတော့ စမ်းကြည့်ဖြစ်ပါတယ်။ စစချင်း သတိထားမိတာက သူ့ရဲ အသွင်အပြင်ပါ။ Casing က metallic ဖြစ်မှန်းသိပေမယ့် အပြင်မှာကြည့်တော့ အဲဒီလောက် ပြောင်ပြောင်လက်လက်မဖြစ်တော့ အဆင်ပြေပါတယ်။ သူများတော့ မသိပေမယ့် ကျွန်တော်ကတော့ နားကြပ်တပ်ထားတာ နားကပ်တပ်ထားသလို ပြောင်ပြောင်လက်လက် ဖြစ်နေတာတော့ မကြိုက်ပါဘူး။ အဲဒါကြောင့် ပလက်စတစ် Casing နဲ့ ZST Pro တောင်ပိုကြိုက်ချင်သလိုလိုဖြစ်နေတာ။ နောက်မိုက်တာက တစ်ခုကတော့ IEM တွေပီပီ flexible ဖြစ်ပါတယ်။ နားကြပ်တော်တော်များများမှာ ပျက်လေ့ရှိတာ ကြိုးဖြစ်ပေမယ့် သူ့ကြိုးက အရှင်ဆိုတော့ ဖြုတ်လို့တပ်လို့ရပါတယ်။ ဒီတော့ ပါလာတဲ့ကြိုးကို မကြိုက်ပဲနဲ့ လျှပ်စစ်စီးကူးမှုကောင်းလို့ အသံပိုကောင်းမယ်လို့ ယုံကြည်တယ်ဆိုရင် ရွှေကြိုးငွေကြိုး ကြေးနန်းကြိုး ဆိုပြီး ဝယ်လို့ရပါသေးတယ်။ ဒါတင်မက ကိုယ်က Bluetooth နဲ့လိုချင်ရင် Bluetooth handler ဝယ်ရုံပါပဲ။
သူ့မှာ Balanced Armature Driver တစ်လုံးရယ် Dynamic Driver တစ်လုံးရယ် ပါပါတယ်။ စစနားထောင်ခြင်း သတိထားမိတာက Bass ကနည်းနည်းစူးပါတယ်။ မတရားကြီး မခံစားနိုင်အောင် စူးတာ မဟုတ်ပဲ နည်းနည်းထောင်ထွက်နေသလိုမျိုးပါ။ XB50AP လိုမျိုး bass ကကျစ်ပြီးတော့ များတာလည်း မဟုတ်ဘူး။ သူငယ်ချင်းတစ်ယောက်ကို မေးကြည့်တော့ သူစျေးတန်းကပဲ နောက် အသစ်ထွက်တဲ့ Model ဖြစ်တဲ့ ZS10 pro ဆိုရင်လည်း BA driver 4 လုံးက ကောင်းပြီးတော့ Dyanmic ကနည်းနည်းချာတယ်လို့ပြောလို့ရပါတယ်။ ဒီတော့ ဝိတ်လျှော့ထားတာ ဘာလဲဆိုတာ သိနိုင်ပါပြီ။
ကျန်တဲ့ treble တို့ melody တို့က သူ့စျေးတန်းမှာ အံဩဖို့ကောင်းလောက်အောင် မှန်တယ်လို့ ပြောလို့ရပါတယ်။ နောက်ထပ်ကျွန်တော်ကြိုက်တဲ့ တချက်ကတော့ အသံကိုကျယ်လိုက်တဲ့အခါ အသံက ဖွယ်သွားတာ မညီတာမရှိပဲနဲ့ သူ့ ratio အတိုင်း scale up scale down ဖြစ်သလို ခံစားရပါတယ်။ နောက်တစ်ချက်ကတော့ အရင်ကသတိမထားမိတဲ့ အသံ Details တွေပါကြားရပါတယ်။ အဲဒါ တော်တော်မိုက်ပါတယ်။ အားနည်းချက်ကတော့ အသံမလုံဘူး။ တပ်ရတာ သိပ်အဆင်မပြေဘူး။ ကြာကြာတပ်ရင် နားနာတယ်။ Club Bass များတဲ့သီချင်းတွေ ဥပမာ EDM တို့ဘာတို့ နားထောင်ရင် ငုပ်ပါတယ်။
Lofi လိုမျိုးနားထောင်ရင်တော့ အဆင်ပြေပါသေးတယ်။ တကယ်တမ်းသိသာစေတဲ့ genre တွေကတော့ detail ဖြစ်တဲ့အတွက် အသံ layer များတဲ့သီချင်းတွေ ဥပမာ instrument တစ်ခုထက်ပိုတဲ့ သီချင်းတွေနားထောင်ရင်မိုက်ပါတယ်။ Jazz တို့ Citipop တို့ နားထောင်ရင် အတော်လေးကို မြိုင်ပါတယ်။ စျေးကလည်း နှစ်သောင်းခွဲကျော်ကျော်ပဲဆိုတော့ IEM စနားထောင်ချင်တဲ့သူတွေ Balanced Armature Driver ဆိုတာ ဘာလဲလို့ သိချင်တဲ့သူအတွက် စျေးအသက်သာဆုံးနဲ့ မိတ်ဆက်နိုင်တဲ့ နားကြပ်ထဲက တစ်ခုပါပဲ။
reference