အခုလိုမျိုး သူငယ်ချင်းတွေ စု ပြီးတော့ စာတွေစုရေးကြဖို့ စဉ်းစားထားတာ တော်တော်လေးကြာပြီ။ တက္ကသိုလ်ကျောင်းသားဘဝကတည်းက စုပြီးတော့ ရေးခဲ့ဖူးတယ်။ ဒါပေမယ့်လည်း အဲ့ဒီတုန်းက domain တွေ hosting တွေဝယ်ရက အခုလိုမျိုးမလွယ်ကူတော့ Freehosting တွေ အကုန်ပတ်သုံးခဲ့ကြရတာပေါ့။ နာမည်တွေလည်း အမျိုးမျိုးပေးခဲ့ကြတယ်။ ဒါပေမယ့်လည်း တစိုက်မတ်မတ်နဲ့ ထိန်းသိမ်းမယ့်လူရယ်လို့ သေချာမရှိတော့ နောက်ဆုံး hosting တွေလည်း ဘယ်လိုမှပြန်ဝင်မရသလို စာတွေလည်း ပြန်ယူလို့မရတော့ဘူး။ အဲ့လိုနဲ့ပဲ ကိုယ့် ဝက်ဘ်ဆိုဒ် ကိုယ်စီနဲ့ ရေးချင်ရာလေးတွေ ရေးကြတာပေါ့။ ဒါပေမယ့်လည်း အားလုံး အလုပ်ကိုယ်စီနဲ့ဆိုတော့ စာတွေလည်း သိပ်မရေးဖြစ်ကြတော့ပါဘူး။

ဖြစ်ချင်တော့ ပြီးခဲ့တဲ့ ရက်ပိုင်းကမှ Telegram မှာ စကားပြောရင်း အားလုံးစုပြီး စာ ပြန်ရေးကြရအောင်လို့ ပြောဖြစ်ရင်းနဲ့မှ ဒီ မှတ်စုတို ကို အစပြုဖို့ ဖြစ်လာခဲ့တယ်။ မှတ်စုတိုဆိုတဲ့ ထုံးစံအတိုင်း ဘာအတွက် သီးသန့်ရေးတယ်ရယ်လို့တော့ ရှိမှာ မဟုတ်ဘူး။ တစ်ယောက်တစ်မျိုးစီ ကိုယ်စိတ်ထဲရှိရာကို ရေးကြမှာပဲ။ မှတ်စုစာအုပ်ထဲမှာ ရေးသလိုပေါ့ ဒီတစ်မျက်နှာက အကြောင်းအရာတစ်ခုဆိုပေမယ့် နောက်တစ်မျက်နှာဆိုရင် တခြားအကြောင်းအရာ ရေးချင်ရေးလိုက်တာပဲ။ ဒါပေမယ့်လည်း အရင်တုန်းက စာတွေ ရေးခဲ့ဖူးတဲ့ သူတွေချည်းပဲဆိုတော့ မှတ်စုကောင်းကောင်းလေးတွေ စုစည်းရာနေရာတစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။