၁၃၈၂ ခုနှစ် မဟာသင်္ကြန်

တစ်နှစ်ပတ်လုံး တည်ငြိမ်ခဲ့သမျှ "ဗေဒိုးဗေ ပတ်ပေဂျိဂျိ" လို့ ကြားလိုက်တာနဲ့ကို လူကရွပိုးထိုးနေလာတော့တာပဲ။

၁၃၈၂ ခုနှစ် မဟာသင်္ကြန်

တစ်နှစ်ပတ်လုံး တည်ငြိမ်ခဲ့သမျှ "ဗေဒိုးဗေ ပတ်ပေဂျိဂျိ" လို့ ကြားလိုက်တာနဲ့ကို လူကရွပိုးထိုးနေလာတော့တာပဲ။ စီစဉ်ထားခဲ့တာ ဒီနှစ်သင်္ကြန်ပိတ်ရက်တော့ ကလေးမြို့ပြန်ကြမယ်၊ အမျိုးတွေ စုံကြ၊​ ဆုံကြမယ်ပေါ့။ အမေဘက်မှာက မောင်နှမတစ်ဝမ်းကွဲချည့်ပဲကို ၃၁ ယောက်လောက်ရှိတာဆိုတော့ ဆွေမျိုးတွေ ၅၀% လောက်စုံဖို့တောင် အတော် ခက်သားလား။ ပြီးတော့ အမေကြီးမရှိတော့တဲ့နောက် ကလေးမြို့မှာ အမျိုးတွေစုဖြစ်ကြတာ ပထမဆုံးအကြိမ်ဖြစ်မှာ။ ဒါကြောင့် ဒီနှစ် မွေးရပ်မြေပြန်ဖို့ကို အတော်အားခဲထားခဲ့တာ။

အမေကြီးနဲ့ သူ့မြေးတွေ | ရှေ့ဆုံးက အနီလေးက ကိုယ်ပေါ့

ဖြစ်ချင်တော့ Covid ဆိုတဲ့ ရောဂန္တရကပ်ကြီးက ကလေးမြို့မှာ စဖြစ်ပါလေရော။ကိုယ့်အဒေါ်တစ်ယောက်ကလည်း စဖြစ်တဲ့သူနဲ့ ကလေးမြို့အသွား ကပ်လျက်တစ်ခုံကျော်မှာ လေယာဉ်တူတူစီးခဲ့တော့ Home Quarantine ဖြစ်။ အဲ့ဒီမှာတင် ကလေးမြို့ ဆွေမျိုးတို့ တွေ့ဆုံပွဲ ပျက်လေသတည်းပေါ့။

ကလေးမြို့မသွားရတော့လည်း ဘာဖြစ်လဲ ခါတိုင်းနှစ်တွေလို မန္တလေးမှာပဲ သူငယ်ချင်းတွေနဲ့ သင်္ကြန်ကဲမှာပေါ့ဆိုပြီး စိတ်လျှော့လိုက်သေးတယ်။ အနည်းဆုံးတော့ အုန်းလက်မဏ္ဍပ်ကလေးထိုးပြီး ရေပက်လို့ရပါသေးတယ်ပေါ့။ နောက်တော့ သင်္ကြန်ကျင်းပခွင့်ပါ ပိတ်သွားပါလေရော။ ရက်ထပ်နှစ်ကြီးကျမှ ဖြစ်ရတယ်လို့ဗျာ ...။

IELTS

IELTS ဖြေဖို့ကိစ္စကို တွေဝေနေခဲ့တာ ကြာပြီ။ ဒီနှစ်တော့ စိတ်ဆုံးဖြတ်ပြီး IELTS ကို ဖြေဖြစ်အောင် ဖြေမယ်လို့ တွေးထားတယ်။ ဇရာကလည်း ထောက်လာပြီဆိုတော့ ဒီထက်အသက်မကြီးသေးခင်တော့ Scholar တွေလျှောက်ပြီး ကျောင်းတက်ဦးမယ်ပေါ့။ စာအုပ်စာတမ်းတွေဝယ်၊ လိုအပ်တာတွေလုပ်ပြီး သင်တန်းလည်းတက်လိုက်သေးတယ်။ ၂ ပတ်ပဲရှိသေးတယ် အစိုးရက ကျောင်းတွေ၊ သင်တန်းတွေ ပိတ်ခိုင်းတော့ ပိတ်သွားရော။ နဂိုကတည်းကမှ Speaking ပိုင်းအားနည်းပါတယ်ဆို တစ်ယောက်တည်းလေ့ကျင့်ဖို့ခက်တဲ့ Skill ဖြစ်နေတော့ တိုင်ပတ်တော့တာပဲ။

ကြိုးစားချင်ယောင်ဆောင်

ဆိုတော့ သင်္ကြန်လည်း ကမြင်းကြောမထရမယ့်အတူတူ သင်္ကြန်တွင်းမှာ IELTS ဖြေဖို့ပဲ အာရုံစိုက်ကြိုးစားတော့မယ်လေ။ IELTS စာအုပ်တွေသေချာထည့်ပြီး မန္တလေးတော့ ရောက်အောင် သွားလိုက်သေးတယ်။

Work From Home

တော်တော်များများ လုပ်ငန်းတွေကတော့ ဒီကပ်ရောဂါကြီးကြောင့် April လ တစ်လလုံး ပိတ်ထားလိုက်ကြတယ်။ တချို့လည်း Work From Home လုပ်ကြတယ်။ တချို့လည်း အလှည့်ကျ ရုံးတက်ကြတယ်။ အဲ့ဒီလုပ်ငန်းတွေထဲမှာ ကိုယ်တွေအလုပ်မပါခဲ့ဘူး။ ရုံးလည်းမပိတ်ဘူး၊ Work From လည်း မ Home ဘူး။

နဂိုကတည်းက ယိုင်နဲ့နဲ့ Micro Business တွေက Covid ပယောဂနဲ့ ပြိုကျလုနီးပါးဖြစ်ကုန်တယ်။ ဒီ Micro Business တွေနဲ့ သူ့နောက်ကွယ်က မိသားစုတွေအတွက် Microfinance လုပ်ငန်းတွေရဲ့ အခန်းကဏ္ဍက အရမ်းအရေးကြီးတယ်လို့ ယူဆမိတယ်။ ကပ်ရောဂါကြောင့် စီးပွားရေးက ကျဆင်းလာတဲ့အပြင် အိမ်ထဲမှာပဲ နေရမယ်ဆိုတဲ့အတွက် အလုပ်လည်း မလုပ်နိုင်ကြတော့ပါဘူး။ ဒီလိုအခြေအနေမှာ ငွေရေးကြေးရေးဟာ အတော်ကို အရေးကြီးပါတယ်။ သူတို့အတွက် ချေးငွေဟာ မျှော်လင့်ချက်ကြီး တစ်ခုပါပဲ။ သူတို့အတွက် ကျွန်တော်တို့လို Financial Industry ကလူတွေဟာ ကြိုးကြိုးစားစား အလုပ်လုပ်ကြရမယ်လို့ မြင်ပါတယ်။

ခက်တာက Social Distancing အခရာကျပါတယ်ဆိုတဲ့ ဒီကာလကြီးမှာ ငွေချေးချင်တဲ့သူတွေကို လူချင်းမထိတွေ့ဘဲ ဘယ်လို အင်တာဗျူးကြမလဲ၊ ဘယ်လို ပိုက်ဆံထုတ်ပေးကြမလဲ။ အဖြေကတော့ ထုံးစံအတိုင်း Online ပဲပေါ့။ ဒီအတွက် Physical Branch တွေမဟုတ်ဘဲ Digital Branch တစ်ခုဖွင့်ဖို့ လူကြီးတွေက ဆုံးဖြတ်ကြတယ်။ ချေးငွေလျှောက်ထားရာကနေစလို့ ချေးငွေချပေးတဲ့အဆင့်၊ ချေးငွေ ပြန်ဆပ်တဲ့အဆင့်အထိကို ဝန်ထမ်းနဲ့ Client နဲ့ မထိတွေ့ဘဲ Online ကနေ လုပ်ဖို့ ရည်ရွယ်ပါတယ်။

ဒီ Project က အမြန်ပြီးရမယ့် Project ဖြစ်တာကြောင့် တကယ့် Project ကြီး မစခင်၊ Vendor ရှာလို့ မရသေးခင်စပ်ကြားမှာ Semi-Automated အနေနဲ့ အလုပ်ဖြစ်တယ်ဆိုရုံလောက် ကြားဖြတ် Project လေးတစ်ခု လုပ်ဖို့လိုလာပါတော့တယ်။ ပြောချင်တာကတော့ သင်္ကြန်ပိတ်ရက်မှာ မနားလိုက်ရဘူး၊ ဒီ ကြားဖြတ် Project အတွက် Overtime ဆင်းလိုက်ရတယ်ဆိုတာပါပဲ။ အပေါ်က အကြောင်းအရာကို ပြန်ဆက်ရရင် စီစဉ်ထားသမျှတွေက ကိုဗစ်နှောင့်လိုက်တာကြောင့် တစ်ခုမှအကောင်အထည် ပေါ်မလာခဲ့ဘဲ Overtime ဆင်းလိုက်ရတာသာ အဖတ်တင်သွားပါတယ်။

ဒါပေမယ့် Overtime ကတော့ စိတ်လိုလက်ရ ကျေကျေနပ်နပ်ဆင်းတာပါ။ မဟုတ်လည်း ရေမပက်ရတဲ့ သင်္ကြန်မှာ ပျင်းပြီး ဘာမှလုပ်ဖြစ်မှာမဟုတ်ပါဘူး။ စာလုပ်မယ်ဆိုပေမယ့် တကယ်တမ်းလည်း လုပ်ဖြစ်ဖို့ မသေချာပါဘူး။ ဆရာဝန်တွေက လူတွေ အသက်မသေအောင် ကြိုးစားနေချိန်မှာ ကိုယ်တွေက အသက်ရှင်နေသူတွေ အဆင်ပြေအောင် ကြိုးစားနေရတဲ့အတွက် ကျေနပ်ပါတယ်။ Overtime ကြေးလည်း ရမှာပဲဆိုတော့ Public ရယ်၊ ကုမ္ပဏီရယ်၊ ကိုယ်ရယ်ကြားမှာ Win-Win-Win Situation ဖြစ်တာပေါ့။​

နိဂုံး

ဘာရယ်မဟုတ်ပါဘူး။ သင်္ကြန်ပွဲတော် မရှိတဲ့ တန်ခူးလတစ်လကို ဘယ်လိုဖြတ်ကျော်ခဲ့သလဲဆိုတာ မှတ်တမ်းလာတင်တဲ့သဘောပါ။ အဆုံးထိ ဖတ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခွင့်အရေးရခဲ့ရင်တော့ အပေါ်မှာ ပြောခဲ့တဲ့ ကြားဖြတ် Project အတွက် Java ရယ်၊ Google App Engine ရယ်၊ ကိုယ်ရယ် ဘယ်လိုတွေတိုင်ပတ်ခဲ့ကြောင်း ပြောပြချင်ပါသေးတယ်။

ကမ္ဘာကြီး ကျန်းမာပါစေ ... ။

Read more

ဘန်ကောက် အိမ်ငှား

အခုနေတဲ့အိမ်က စာချုပ်ပြည့်တော့မယ်ဆိုတော့ အိမ်ပြောင်းဖို့ အိမ်ရှာထွက်ခဲ့ရတာပေါ့။ ပထမတစ်ခေါက်တုံးကတော့ ရောက်ခါစဆိုတော့ သိပ်လည်းအချိန်မပေးချင်တာရယ်၊ ကိုယ်

By Kelvin Morris
ကျွန်တော်နဲ့ Session Hijacking

ကျွန်တော်နဲ့ Session Hijacking

ပြီးခဲ့တဲ့ ရက်ပိုင်းက Discord အကောင့် hack ခံလိုက်ရတယ်။ Discord အကောင့်ဆိုတာက တော်တော် လက်မမြန်လိုက်ရင် ရှိသမျှအကောင့်အကုန်ပါသွားမှာ။ အဲ့ဒီတော့ အတွေ့အကြုံနဲ့ ဘယ်လိုတွေ သတိထားရမလဲ

By K
Two Women sitting on table (unsplash)

Developer အင်တာဗျူးအတွေ့အကြုံ (၂)

အပိုင်း ၂ ကိုရောက်လာပြီဆိုတော့ အခြေအနေတော်တော်ကောင်းနေပြီ ပြောလို့ရပါတယ်။ အပိုင်း (၁) မှာတုန်းက Resume နဲ့ Introductory အကြောင်းပြီးပြီဆိုတော့ ကျန်တဲ့ အဆင့်တွေကို ဆက်ပြောလိုက်ရအောင်။

By Kelvin Morris