အတိတ်ကိုဖော်သော် - (၁)

တစ်ရက်ကလည်း သူငယ်ချင်းတွေနဲ့ စကားပြောနေရင်းနဲ့ မရည်ရွယ်ပဲ ငယ်ငယ်က စာအုပ်ဆိုင်ကနေ စာအုပ်တွေငှားဖတ်ခဲ့ကြတဲ့ အကြောင်းကိုရောက်သွားတယ်။

အတိတ်ကိုဖော်သော် - (၁)

အခုတလော ကိုယ့်ဘာသာကိုယ် သတိထားမိလာတာကတော့ အသက်အရွယ်လေး ရလာတာနဲ့အမျှ ငယ်ငယ်တုန်းက အကြောင်းတွေကို ပြန်ပြန်ပြောရတာ အတော်လေး သဘောခွေ့ပုံပဲ။ ကိုယ်နဲ့ မတိမ်းမယိမ်းအရွယ်တွေနဲ့တွေ့တိုင်း တူညီတဲ့ခေတ်တစ်ခုကို အတူတူ ဖြတ်သန်းခဲ့ရတာတွေကို စိတ်ပါလက်ပါနဲ့ ပြောနေတတ်တယ်။ "ငါတို့ ခေတ်တုန်းကဆိုရင်"၊ "ငါတို့ ငယ်ငယ်တုန်းကဆိုရင်" လို့ အစချီပြီး ဓါတ်ပြားဟောင်းကြီးကို လူကြီးတွေ ဘာလို့ ခဏခဏဖွင့်ရတာလည်း ဆိုတာကို နားလည်စပြုလာတယ်။ တစ်ရက်ကလည်း သူငယ်ချင်းတွေနဲ့ စကားပြောနေရင်းနဲ့ မရည်ရွယ်ပဲ ငယ်ငယ်က စာအုပ်ဆိုင်ကနေ စာအုပ်တွေငှားဖတ်ခဲ့ကြတဲ့ အကြောင်းကိုရောက်သွားတယ်။ နောက်ရက်တွေအထိ အဲဒီအကြောင်းအရာလေးက ခေါင်းထဲရှိနေတာနဲ့ပဲ မှတ်မှတ်ရရရှိခဲ့ရတဲ့ ငယ်ဘဝရဲ့အတွေ့အကြုံတစ်ခုကို အခုလိုပဲ ပြန်ဖောက်သည်ချလိုက်ပါတယ်။

ကျွန်တော်တို့ ၃၊ ၄၊ ၅ တန်း အရွယ်လောက်မှာ ခေတ်အမှီဆုံးလို့ပြောလို့ရတဲ့ ဖျော်ဖြေရေးဆိုတာ အခွေငှားဆိုင်ကနေ ဗီဒီယိုတိတ်ခွေ ငှားကြည့်ရတာပဲ။ ဒါတောင် အောက်စက်လို့ အများခေါ်တဲ့ VCR စက်ဆိုတာ အိမ်ပေါက်စေ့ လူတကာ ဝယ်နိုင်ကြတာမျိုး မဟုတ်ဘူး။ ဒီတော့ အဲ့ဒီခေတ်မှာ အများစုက ညကိုးနာရီလောက်မှာ မြဝတီကလာတဲ့ တရုတ်ဇာတ်လမ်းတွဲတွေကို မက်မက်သက်သက်နဲ့ တကူးတကကို စောင့်ကြည့်ကြရတာ။ ပြည်သူ့တရားရှင် (ပေါင်ချိန်)တို့၊ နဂါးနိုင်ဓါးတို့၊ သိမ်းငှက်သူရဲကောင်းတို့ အစရှိသဖြင့်ပေါ့။ ဒါလည်း အိမ်မှာတီဗီ မရှိဘူးဆိုရင် အိမ်နီးနားချင်းတွေဆီမှာ သွားကပ်ကြည့်ကြတာပဲ။ အလုပ်တွေ၊ ကျောင်းတွေကပြန်လာလို့ ညစာစားသောက်ပြီးတာနဲ့ တီဗီရှေ့မှာ နေရာယူဖို့ပြင်ကြပြီ။ တီဗီရှေ့ကို တံမြတ််စည်းလှည်း၊ ခေါင်းအုံးတွေချပြီး ကြည့်ဖို့ ခက်ကွင်းပြင်ကြတာပေါ့။ တစ်ရက်တစ်ရက်ကို ဒီလိုပဲ စိတ်အပန်းဖြေရင်း ဖြတ်သန်းခဲ့ကြတာ။ ဒါပေမယ့် ဒီနေရာမှာ တစ်နိုင်ငံလုံးရင်ဆိုင်ရတဲ့ ကြီးမားသော ပြဿနာတစ်ခုက လျှပ်စစ်မီးပဲ။ မီးက အချိန်နဲ့ ပေးတာဆိုတော့ ညဘက်ကို တစ်ရက်ခြားပဲ မီးလာတယ် (အဲ့ခေတ်ထဲက မီးကို အချိန်နဲ့ပေးတာ၊ အခု ၂၀၂၄ သာရောက်လာတယ်၊ အခုထိလည်း အတူတူပါပဲ)။ မီးစက်တို့ အင်ဗာတာတို့ဆိုတာကလည်း ပိုက်ဆံရှိတဲ့ အိမ်တွေလောက်သာ ရှိကြတာမျိုးလေ။ အဲဒီတော့ လူတွေက မီးလာတဲ့ညပဲ တီဗီကြည့်ရပြီး မီးမလာတဲ့ညဆို ဘာမှလုပ်စရာမရှိတော့ စာအုပ်ဖက်ကို လှည့်ရတယ်ပေါ့။ ပြီးတော့ တီဗီဆိုတာမျိုးကလည်း ဒီဘက်ခေတ်လို တစ်နေကုန်လွှင့်တဲ့ လိုင်းပေါင်းစုံကို စိတ်ကြိုက်လှည့်ပြီး ကြည့်လို့ရတာမျိုးမဟုတ်တော့ နေ့ခင်းနေ့လည်ဆိုလည်း စာအုပ်တစ်အုပ်နဲ့ အချိန်ကုန်ကြရတာပဲ။ ဒီလိုနဲ့ စာအုပ်ဖတ်တဲ့ ဓလေ့က အတိုင်းအတာတစ်ခုထိ တော်တော်လေး ထွန်းကားခဲ့တယ်လို့ ပြောရမယ်။ လူကြီးတွေကိုယ်တိုင်ကလည်း ကလေးတွေ မျောက်ရှုံးအောင် ဆူညံခုန်ပေါက်ပြီး ဆော့နေထက်စာရင် သူတို့ မျက်စေ့ရှေ့မှာပဲ စာအုပ်တစ်အုပ်ကို ငြိမ်ငြိမ်စိမ်စိမ် ဖတ်နေတာက နားအေးပါးအေးနဲ့ စိတ်ချလက်ချရှိတယ်ဆိုပြီး စာအုပ်ငှားခကို ကြည်ကြည်ဖြူဖြူ ထုတ်ပေးလေ့ရှိတယ်။

သင်္ကြန်လိုမျိုး ပိတ်ရက်ဆိုရင်လည်း အားကိုးစရာတွေထဲက တစ်ခုက စာအုပ်ပဲ။ တစ်ခုထူးခြားတာကတော့ သင်္ကြန်လေးရက်ပိတ်တယ်ဆိုပေမယ့် ငှားခ တစ်ရက်စာပဲယူတယ်။ အဲတော့ သင်္ကြန်မပိတ်ခင် တစ်ရက်အလိုမှာ စာအုပ်ဆိုင်ကိုသွားမွှေပြီး လေးရက်စာဖတ်ဖို့ စာအုပ်တွေ တစ်ပိုက်ကြီး သွားငှားခဲ့တာကို ခုထိမှတ်မိနေတုန်းပဲ။ အဲလိုအချိန်ဆို စာအုပ်ဆိုင်က လူအတော်စည်တယ်။ နောက်ကျမှသွားရင် ရွေးကျန်တွေ အဟောင်းတွေပဲ ရတော့တယ်။ အဲဒီတော့ အဲလိုရက်မျိုးဆို စာအုပ်ဆိုင်သွားဖို့အတွက် ဝီရိယကောင်းမှ သင်္ကြန်တွင်းမှာ ကိုယ်ဖတ်ချင်တဲ့ စာအုပ်တွေငှားလို့ရတယ်။

ကံကောင်းချင်တော့ ကိုယ်တွေနေတဲ့ လမ်းထိပ်မှာပဲ စာအုပ်အငှားဆိုင်တစ်ဆိုင်ရှိတယ်။ ဆိုင်ကို အိမ်ကနေလှမ်းကြည့်ရင်တောင် မြင်နေရတယ်။ ဆိုင်နာမည်က "ပန်းနုဝေ စာပေ" တဲ့။ ရန်ကင်း ၂ ရပ်ကွက်မှာပေါ့။ သူက တစ်နေကုန် ဖွင့်တဲ့ဆိုင်တော့ မဟုတ်ဘူး။ ညနေ ၄ နာရီကနေ ည ၉၊ ၁၀ နာရီလောက်အထိပဲ ဖွင့်တာ။ ရပ်ကွက်ထဲက ဆိုင်ဆိုတော့ ခပ်သေးသေးပါပဲ။ ချောင်းပေါက်အောင်သွားပြီး ခြေချင်းလိမ်ခဲ့ရတဲ့ နေရာတစ်ခုပေါ့။ ဘဝမှာ မှတ်မှတ်ရရ ပထမဆုံး စပြီးငှားဖတ်ခဲ့တဲ့ ရုပ်ပြစာအုပ်က "ကိုပူစီ" ပဲ။ ကလေးဆိုတော့ ဘာရယ်မဟုတ်ဘူး၊ မျက်နှာဖုံးကိုကြည့်ပြီး ပါဝါရိန်းဂျားနဲ့ တူလို့ မိုက်တယ်ဆိုပြီး ငှားဖတ်လိုက်တာ ထင်ပါတယ်။ ပထမဆုံး စပြီး စာအုပ်ငှားဖတ်တာဆိုတော့ ဘာမှ ဖတ်စရာ ဟုတ်တိပတ်တိ သိပ်မပါတဲ့ ရုပ်ပြစာအုပ်ကိုတောင် တော်တော်ဖတ်လိုက်ရတာကိုတော့ မှတ်မိနေတယ်။ ပြီးတော့ "ဒီလုံး"၊ "မောင်စူပါ"။ အဲဒီကနေမှ တဖြည်းဖြည်းချင်း ဖတ်ကျင့်ရှိလာပြီး တခြား ရုပ်ပြတွေပါ တစ်ဆင့်ပြီးတစ်ဆင့် လျှောက်ဖတ်ဖြစ်လာတယ်။ မင်းဇော်ရဲ့ "ဘိုဘို" ကိုလည်း တော်တော်လေးဖတ်ဖြစ်လိုက်တယ်။ အဲဒါနဲ့ တွဲပြီးထွက်တဲ့ "ရွှေယမင်း"၊ "ရတနာ"၊ "ရယ်ရွှင်မြူး" တို့။ နောက်တခြား နာမည်ကြီးတွေဖြစ်တဲ့ "ဂျောက်ဂျက်"၊ "စိန်မျောက်မျောက်" ၊ "သမိန်ပေါသွပ်" ၊ "တွတ်ပီ"၊ "တီထွင်ပါရဂူ ဖိုးဆိတ်ဖြူ" တို့လည်း ဖတ်တယ်။ လုံးချင်းမဟုတ်ပဲ အစုံပါတဲ့ "ပူတူတူးလေး" လိုမျိုးလည်း ဖတ်ဖြစ်တယ်။ ဂျာနယ်ခေတ်ရောက်လာတော့ "တတိုင်းမွှေး" ဂျာနယ်ပါ ငှားဖတ်တယ်။ နောက်ပိုင်းကျတော့ အိမ်က အစ်မတို့ဖတ်တဲ့ "ကိုရွှေထူး(ပြည်) ရဲ့ ရပ်ကွက်ထဲမှာဗျာ"တို့၊ "ဝိဇ္ဇာရဲ့ တာယာပွကြီး" တို့ပါ လိုက်ဖတ်ဖြစ်လာတယ်။ "မိမန်းလေး" တို့၊ "လေးမွန်၊ ထွေးမွန်" တို့၊ "ပြာဂလောင်၊ ပြာလချောင်" တို့ ကျတော့ တွေ့ရင်သာ ယူဖတ်လိုက်တယ်၊ ကြိုက်လို့ တကူးတကငှားဖတ်ရတဲ့ အထဲတော့ မပါခဲ့ဘူး။

အဲလို ရုပ်ပြကာတွန်းတွေ ဖတ်လာနေရင်းကနေ ကြုံလာတဲ့ ပြဿနာတစ်ခုက စာဖတ်နိုင်လာတာနဲ့ အမျှ စာဖတ်နှုန်းကလည်း မြန်လာတော့ အေးအေးဆေးဆေးဖတ်ရင်တောင် ရုပ်ပြတစ်အုပ်ကို မိုင်ကုန် အကြာဆုံးက နာရီဝက်ထက်မပိုတော့ဘူး။ ဖတ်ရတာ ဘာမှမရှိတော့လိုဖြစ်ပြီး အချိန်တွေကလည်း အများကြီးပိုနေတော့ တွက်ခြေမကိုက်ဘူးပေါ့။ သုံးလေးအုပ် ငှားပြန်ရင်လည်း အိမ်ကဆူတော့မယ်။ ဝတ္ထုလိုင်းကူးရလောက်အောင်လည်း ကိုယ့်အသက်ရော၊ စာဖတ်နိုင်တဲ့ အဆင့်ရောက အဲလောက်အထိမမှီသေးဘူး။ ဟိုမရောက် ဒီမရောက်နဲ့ လမ်းပျောက်နေခဲ့တာပေါ့။ ဒီလိုနဲ့ တစ်ရက်ကျတော့ ကယ်တင်ရှင်ကို သွားတွေ့ပါလေရာ။ ကိုယ်ဖတ်နိုင်တဲ့ အဆင့်အတန်းနဲ့လည်း ကိုက်တယ်၊ ဖတ်ရမယ့် စာပမာဏကလည်း ၁နာရီခွဲ၊၂ နာရီလောက် အသာလေးရှိတယ်။ ဖတ်လို့လည်း ကောင်း၊ စိတ်ဝင်စားဖို့လည်း ကောင်းတယ်။ အဲဒီ ကယ်တင်ရှင်ကတော့ "ရတနာပန်းခင်း" ပဲ။ သူ့ရဲ့ အမျိုးအစားကိုတော့ ကလေးမဂ္ဂဇင်းလို့ ပြောရမယ်ထင်တယ်။ ကာတွန်းလည်း ပါတယ်၊ ပုံပြင်လိုမျိုးလည်း ပါတယ်၊ ဝတ္ထုတိုလိုမျိုးလည်း ပါတယ်။ ဗဟုသုတလည်း တော်တော်လေးရတယ်။ အဲဒါရဲ့ အကျိုးဆက်အကြောင့်ပဲ နောက်ပိုင်း ဝတ္ထုစဖတ်နိုင်ဖို့ အထောက်အကူဖြစ်သွားထင်တယ်။

စာအုပ်ဆိုင်မသွားခင်မှာ အိမ်ရှိလူကုန်ကို ပတ်မေးရတယ်။ ဘာဖတ်မယ်ဆိုတာ သိပေမယ့် ဖတ်ဖို့ အားမအားဆိုတာက ရှိသေးတာကိုး။ အဖေ့အတွက်က "နတ္ခတ္တရောင်ခြည်"၊ "ရောင်ပြန်"၊ "လပြည့်ဝန်း"၊ "ဂမ္ဘီရ"။ အမေနဲ့ အစ်မအတွက်က "ရွှေအမြုတေ"၊ "လုံမလေး"၊ "သရဖူ"၊ "ဖက်ရှင်"။ နောက်ကျတော့လည်း ကိုယ်ပါ သူတို့ဖတ်တာတွေ လိုက်ဖတ်ဖြစ်ကုန်တာပါပဲ။ အဲဒီမဂ္ဂဇင်းတွေမှာပါတဲ့ ဝတ္ထုတိုတွေဖတ်ရင်း ဝတ္ထုဖတ်ရတဲ့ အရသာကို ကြိုက်လာတယ်။ စာအုပ်နာမည်ကို မမှတ်မိတော့ပေမယ့် ပထမဆုံးစဖတ်တဲ့ ဝတ္ထုကတော့ မင်းမြတ်သူရ ရေးတယ်ဆိုတာ သေချာတယ်။ အဲဒီကနေ စပြီး ဝတ္ထုကို တောက်လျောက်ဖတ်ဖြစ်လာတယ်။ ဒါပေမယ့် အဲလို ဝတ္ထုအမျိုးအစားကိုပဲ ဖတ်နိုင်သေးတယ်၊ စိတ်ဝင်စားတယ်။ ဆားပုလင်းနှင်းမောင်တို့၊ ဆားပုလင်းမင်းအောင်တို့၊ တကျွန်းပြန် ဘိုးမှန် တို့လိုမျိုးတွေပေါ့။ လက်တည့်စမ်းတဲ့ အနေနဲ့ နွမ်ဂျာသိုင်းရဲ့"စင်္ကာပူမှာသာတဲ့လ"ဆိုတဲ့ ဝတ္ထုကို ဖတ်ကြည့်ပေမယ့် အဲဒီအရွယ်မှာ သိပ်ပြီး မခံစား၊ နားမလည်တတ်သေးဘူးပဲ ပြောရမှာပဲ။ နောက်တခြား ဝတ္ထုတွေ (အဲ့ဒီခေတ်တုန်းက နာမည်ကြီးတဲ့ လွန်းထားထားတို့၊ လမင်းမိုမိုတို့)ကို ကြုံရင် ကြုံသလို စမ်းကြည့်ပေမယ့် ကြိုက်တယ်လို့ မခံစားခဲ့ရဘူး။ ဂမ္ဘီရဆန်ဆန်နဲ့  လက်စားချေတဲ့ ဇာတ်လမ်းတွေနဲ့ပဲ ပျော်မွေ့ပြီး လုံးချာလည်လိုက်နေခဲ့တယ်။ နောက်နည်းနည်း အရွယ်ရောက်လာမှ မင်းလူတို့၊ တာရာမင်းဝေတို့ ဝတ္ထုတွေကို ဖတ်တတ်၊ ကြိုက်တတ်လာတယ်။ အကြည်တော်ရဲ့ "ကဝေပျို၏ နိဒါန်း" ကို ဖတ်မိပြီး ဟာသဝတ္ထုပုံစံမျိုးကိုလည်း သဘောကျတတ်လာတယ်။ နောက် အသက်ကြီးမှ သူငယ်ချင်းတွေနဲ့ ပြန်ပြောဖြစ်တဲ့အခါ ကိုယ့်ဟာကိုယ်သတိထားမိတာက သိုင်းဝတ္ထုဘက်ကို ခြေဦးမလှည့်ဖြစ်ခဲ့လိုက်ဘူး။ နောက် သရဲ/ပရလောကဝထ္တု တစ်ခေတ်ဖြစ်လိုက်သေးတဲ့ အချိန်မှာလည်း မဖတ်ဖြစ်ဘူး။ တြိစက္ကတို့၊ သတိုးတေဇတို့ တအားပေါက်ခဲ့တုန်းကပေါ့။

ဂျာနယ်တွေစပြီး ခေတ်စားလာတဲ့အချိန်မှာ ရုပ်ပြ၊ မဂ္ဂဇင်းတွေအပြင် စာအုပ်ဆိုင်တွေမှာ ဂျာနယ်တွေပါ တင်လာတယ်။ မှတ်မှတ်ရရကတော့ "မနောမယ" ဂျာနယ်ထွက်လာတဲ့ အခါ အပတ်စဥ်အနေနဲ့ ပါတဲ့ မင်းသိင်္ခရဲ့ "မနောမယ ထမင်းဝိုင်း" ကို တကူးတကစောင့်ဖတ်ပြီး သွားရည်ကျခဲ့ရတယ်။ အကြောင်းအရာကတော့ ဘာမှသိပ်ထူးထူးဆန်းဆန်း မဟုတ်ဘူး။ သူ့ မနောမယခြံထဲကို လာတဲ့ ဧည့်သည်တွေကို ဟင်းချက်ကျွေးတာပါပဲ။ ဒါပေမယ့် သူချက်တဲ့ဟင်းတွေက အဆန်းကြီးတွေ၊ ကိုယ်လည်း မစားဖူးတာတွေဆိုတော့ ဖတ်ရင်းနဲ့ တအားတွေ သဘောကျတာပေါ့။ နောက်တစ်ခုတော့ ဘောလုံးဂျာနယ်ကို စပြီး ဖတ်ဖြစ်တာပဲ။ အဲ့ဒီခေတ်က ပရီးမီးယားလိဂ်ပွဲတွေကို အပတ်တိုင်း ကြည့်ရဖို့ဆိုတာ မက်ခွင့်မရှိတဲ့ အိပ်မက်ပဲ။ တစ်ခါတစ်လေ မြဝတီက စိတ်ကူးပေါက်ရင် ပေါက်သလို ပြတာလောက်ပဲကြည့်ရတယ်။ ဘောလုံးပွဲဟိုတ်လိုက်ဆိုတာ ဘောလုံးဂျာနယ်ဖတ်ပြီး ကိုယ့်စိတ်ကူးထဲကိုယ် မြင်ယောင်ကြည့်ရတဲ့ အခြေအနေမျိုး။ အဲဒီတုန်းက ဘောလုံးဂျာနယ်တွေမှာ တစ်ပွဲချင်းစီကို ဘယ်သူက ဘယ်နှစ်မိနစ်မှာ ဘယ်လိုဂိုးသွင်းပါတယ်ဆိုတာမျိုး သေချာလေး ရေးပေးလေ့ရှိတယ်။ "အင်အား" တို့လို အားကစားဂျာနယ်က အရင်ကတည်းက ရှိတာလားဆိုတာ မသေချာပေမယ့် တကယ်တမ်း စဖတ်ဖြစ်တာကတော့ First Eleven ပဲ။ တစ်ပတ်တစ်ခါ ထွက်တာဆိုတော့ အင်္ဂါနေ့ရောက်တာနဲ့ ညနေလေးနာရီ ဆိုင်ဖွင့်ခါနီးဆို အိမ်ရှေ့မှာ လည်ပင်းရှည်နေပြီ။ ဆိုင်ရှင်က ဆိုင်ဖွင့်ဖို့ လမ်းလျှောက်သွားတာ မြင်လိုက်တာနဲ့ ဆိုင်ကိုတန်းပြေးတာပဲ။ အကြောင်းက ကိုယ့်လိုပဲ ကိုယ်နဲ့ လုငှားတဲ့ တစ်ယောက်က ရှိနေတယ်။ ဖြစ်ချင်တော့ တိုက်နံပါတ်ကလည်း ခပ်ဆင်ဆင်။ ၂၇၆ နဲ့ ၂၇၇။ ဆိုင်ရှင်က စာရင်းမှတ်တဲ့စာအုပ်နဲ့ ဂျာနယ်မှာ ၂၇ လို့ကြိုရေးထားပေးပြီးသား။ ကိုယ်လာရင် ၆၊ အဲဒီတစ်လောက်လာရင် ၇ ရေးလိုက်ရုံပဲ။ အဲဒီတုန်းကတော့ အပတ်တိုင်း ဂျာနယ်လုငှားရတာလည်း အလုပ်တစ်ခုပဲ။

နောက်ပိုင်း အိမ်ပြောင်းသွားတဲ့အခါ စာအုပ်တော့ နည်းနည်းဖတ်ဖြစ်နေသေးပေမယ့် စာအုပ်ဆိုင်သွားတဲ့ အလေ့အကျင့်က မရှိတော့သလိုဖြစ်သွားတယ်။ တခြားဖျော်ဖြေရေးပေါ်လာတာလည်း ပါတယ်။ အသက်ကြီးလာတော့ အာရုံတွေများလာတာလည်း ပါတယ်။ အရင်ကစာအုပ်တစ်အုပ်ဖတ်ပြီးရင် ဇာတ်လမ်းက ခေါင်းထဲမှာကျန်နေခဲ့တယ််။ မှတ်မှတ်ရရရှိတယ်ပေါ့။ ဘာလို့လည်းဆိုတော့ စာရေးဆရာတစ်ယောက်က တစ်လနေမှ တစ်အုပ်ထွက်တာ။ ပြီးတော့ အဲဒီ့တစ်အုပ်ကိုပဲ ဆိုင်ကိုပြန်မအပ်ခင်မှာ နှစ်ခါ၊ သုံးခါလောက် ဖတ်ရင်လည်း ဖတ်သေးတာ။ နောက်ပိုင်းခေတ်မှီလာပြီး ebook တွေအပြည့်ထည့်ထားတဲ့ ကွန်ပျူတာ နဲ့ ဂိမ်းဆော့လိုက််၊ ရုပ်ရှင်ကြည့်လိုက်၊ သီချင်းနားထောင်လိုက်နဲ့ လုပ်ရင်း အချိန်တစ်ခုအထိ စာအုပ်တွေနဲ့ အဆက်သွယ်ပြတ်သွားတယ်။ စာအုပ်တွေရှိနေတာပဲ၊ ဘယ်အချိန်ဖတ်ဖတ်၊ ဖတ်လို့ရပါတယ်ကွာဆိုပြီး မဖတ်ဖြစ်ခဲ့တာများတယ်။ တန်ဖိုးထားမှု မတူတော့ဘူးလို့တော့ ထင်တာပဲ။ ခေတ်ပြောင်းလာတာနဲ့ အမျှ ကိုယ့်လိုလူတွေများလာတဲ့အတွက် အခုအချိန်မှာ စာအုပ်အငှားဆိုင်ဆိုတာလည်း မတွေ့ရသလောက်ဖြစ်သွားတယ်။ ဘယ်အရာမှ မတည်မြဲဘူးဆိုတော့ အားလုံးဟာအချိန်တန်ရင် ပျက်သုဥ်းရတာပါပဲ။ ဘာပဲဖြစ်ဖြစ် ခေတ်တစ်ခုမှာ လူတွေအတွက် အပန်းဖြေစရာတစ်ခုအနေနဲ့ တစ်တောင့်တစ်နေရာကနေ အသုံးတော်ခံပေးခဲ့တဲ့ စာအုပ်အငှားဆိုင် ယဥ်ကျေးမှုကို တစ်ခါတစ်လေတော့ သတိရမိပါတယ်။

Credit
Cover Photo by Alexander Grey on Unsplash

Read more

ဘန်ကောက် အိမ်ငှား

အခုနေတဲ့အိမ်က စာချုပ်ပြည့်တော့မယ်ဆိုတော့ အိမ်ပြောင်းဖို့ အိမ်ရှာထွက်ခဲ့ရတာပေါ့။ ပထမတစ်ခေါက်တုံးကတော့ ရောက်ခါစဆိုတော့ သိပ်လည်းအချိန်မပေးချင်တာရယ်၊ ကိုယ်

By Kelvin Morris
ကျွန်တော်နဲ့ Session Hijacking

ကျွန်တော်နဲ့ Session Hijacking

ပြီးခဲ့တဲ့ ရက်ပိုင်းက Discord အကောင့် hack ခံလိုက်ရတယ်။ Discord အကောင့်ဆိုတာက တော်တော် လက်မမြန်လိုက်ရင် ရှိသမျှအကောင့်အကုန်ပါသွားမှာ။ အဲ့ဒီတော့ အတွေ့အကြုံနဲ့ ဘယ်လိုတွေ သတိထားရမလဲ

By K
Two Women sitting on table (unsplash)

Developer အင်တာဗျူးအတွေ့အကြုံ (၂)

အပိုင်း ၂ ကိုရောက်လာပြီဆိုတော့ အခြေအနေတော်တော်ကောင်းနေပြီ ပြောလို့ရပါတယ်။ အပိုင်း (၁) မှာတုန်းက Resume နဲ့ Introductory အကြောင်းပြီးပြီဆိုတော့ ကျန်တဲ့ အဆင့်တွေကို ဆက်ပြောလိုက်ရအောင်။

By Kelvin Morris