ဘန်ကောက် အိမ်ငှား

အခုနေတဲ့အိမ်က စာချုပ်ပြည့်တော့မယ်ဆိုတော့ အိမ်ပြောင်းဖို့ အိမ်ရှာထွက်ခဲ့ရတာပေါ့။ ပထမတစ်ခေါက်တုံးကတော့ ရောက်ခါစဆိုတော့ သိပ်လည်းအချိန်မပေးချင်တာရယ်၊ ကိုယ့်ရုံးကိုယ်တိုင်က အိမ်ရှာတဲ့ website ကဆိုတော့ ၊ ရန်ကုန်ကပဲ လက်ညိုးထိုးပြီးရှာခဲ့တာ မဆိုးတော့မဆိုးပေမယ့် စိတ်တိုင်းကျတော့လည်းမဟုတ်ပြန်ဘူး။ အဲမှာပဲ အလုပ်လုပ်တာ တစ်နှစ်နီးပါးဆို‌တော့ အထာလည်းနည်းနည်းသိလာတော့ ကိုယ်ဟာကိုယ်ရှာမယ်ဆိုပြီး ရှာဖြစ်တယ်လို့ ဆိုရမှာပဲ။  

ဘာ ပစ္စည်းဝယ်ဝယ်၊ ငှားငှား ဘာပဲဖြစ်ဖြစ် ကိုယ်လိုချင်တဲ့ဟာတွေကို သိအောင်လုပ်ဖို့ လိုတယ်ဆိုသလို ၊ ဘန်ကောက်မှာလည်း အိမ်ရှာရင် ဘာတွေပါရင် စျေးကြီးတယ် ၊ စျေးနည်းတယ်ဆိုတာမျိုးရှိတယ် ၊ တခုလိုချင်ရင်တခုစွန့်လွတ်ရတဲ့ အလဲအလှယ်လေးတွေလည်းရှိတယ် ဆိုပါစို့။ အဲဒါလေးတွေကိုရှင်းပြရရင်တော့  အရင်ဆုံးငှားလို့ရတဲ့ အိမ်အမျိုးအစား သုံးခုရှိတယ်လို့ မှတ်ထားပေးပါ။ သုံးခုထက်မကရှိပေမယ့် အများစုက ဒီသုံးခုကိုပဲနေကြတာများလို့ ဒါကိုပဲအဓိကထားပြီးရေးပါ့မယ်။ ဒီမှာ တိုက်ခန်း ၊ ကွန်ဒို ၊ လုံးချင်း ဆိုပြီးအကြမ်းဖြင်းခွဲလို့ရပါတယ်။

အဓိကစဉ်းစားသင့်သောအချက်များ

အကျယ်အဝန်း

အပေါ်ကသုံးခုမှာ ကွန်ဒို ကတော့ အခန်းအကျဉ်းဆုံးဖြစ်တတ်ပါတယ်။ လုံးချင်းအိမ်တွေက အကျယ်ဆုံးဖြစ်လေ့ရှိပြီး တချို့ လူလေးယောက်လောက် လုံးချင်းတစ်လုံးငှားပြီး စုနေတာမျိုးလုပ်ကြပါတယ်။ တိုက်ခန်းကတော့ ကွန်ဒိုထက်ကျယ်လေ့ရှိပြီး လုံးချင်းထက်တော့ ကျဉ်းလေ့ရှိပါတယ်။ အဲဒီတော့ ကိုယ်က ဘယ်လောက် အကျယ်နေချင်တာလဲပေါ်မူတည်ပြီးတော့ ဘာငှားမလဲဆိုတာ အကြမ်းဖြင်းဆုံးဖြတ်လို့ရပါတယ်။ ဒါအပြင် နေရမယ့်လူအရေအတွက်ပေါ်မူတည်ပြီး ဘာအခန်းမှမရှိတဲ့ Studio ကနေ အိပ်ခန်း ၁ ခန်း သို့   ၂ ခန်း စတာတွေပေါ်မူတည်ပြီး စျေးကွာပါလိမ့်မယ်။

နေရာ

မြို့လယ်ဆိုရင် ၊ လမ်းမနဲ့နီးရင် ၊  BTS, MRT လိုမျိုး Transportation Hub တွေနဲ့နီးရင်စျေးကြီးပါတယ်။ ဝေးရင်တော့ သွားရေးလာရေး အဆင်မပြေဘူး။ နည်းလမ်းမရှိတာတော့မဟုတ်ပါဘူး။ ဥပမာ လမ်းသွယ်တွေဆိုရင် ၊ ဆိုင်ကယ်တက္ကစီတို့  ကျွန်တော်တို့ ရန်ကုန်ကလို ဟိုင်းလတ်ကြားကားလေးတွေရှိတတ်ပါတယ်။ ဒါပေမယ့် တခုခုလုပ်လို့ ထသွားထလာဆိုရင် အဲဒီဟာတွေမှီအောင် အချိန်နဲ့  နိစ္စဓူဝ ရုံးသွားရုံးပြန်ဆိုရင် ကုန်ကျစရိတ်တွေကလည်းရှိပါတယ်။ တိုက်ခန်း တွေ၊ ကွန်ဒိုတွေက လမ်းမတွေနဲ့နီးလေ့ရှိပေမယ့် လုံးချင်းအိမ်တွေက လမ်းမနဲ့ဝေးလေ့ရှိပါတယ်။ ဒါအပြင်တချို့နေရာတွေက မစည်ဘူး ၊ ထီးထီးကြီး၊ တချို့နေရာတွေကြတော့ စျေးနဲ့ကျောင်းနဲ့နီးတယ်။ အလွယ်တကူစားရေးသောက်ရေးအဆင်ပြေတယ် စသဖြင့်ပေါ့။

Unit Amenties

ဒါကတော့ အိမ်ငှားရင်ပါလေ့ရှိတဲ့အရာတွေပါ။ များသောအားဖြင့် တိုက်ခန်းနဲ့ လုံးချင်းငှားရင် သိပ်မတွေ့ရတက်ပေမယ့် ကွန်ဒိုငှားရင် များသောအားဖြင့်ပါလေ့ရှိပါတယ်။ ပါတာတွေကတော့ ရေခဲသေတ္တာ ၊ အဝတ်လျှော်စက် ၊ ရေပူရေအေး ၊ ခုံ ၊ စားပွဲ ၊ ဗီဒို စတာတွေပေါ့။  ကွန်ဒိုငှားတဲ့အများစုက အဲဒါတွေ မဝယ်ချင်တာရယ် ၊ ဝယ်လည်း နောက်အိမ်ပြောင်းရင် ရွေ့ရမှာအလုပ်ရှုပ်လို့ ဆိုပြီး စဉ်းစားကြတဲ့အချက်တစ်ချက်ပါတယ်။

Project Amenties

ဒါကတော့ လုံးချင်းအိမ်တွေနဲ့ ကွန်ဒိုတွေမှာပါလေ့ရှိပါတယ်။ ၂၄ နာရီ လုံခြုံရေး ၊ လမ်းမပေါ်ပို့ပေးတဲ့ Shuttle Bus ၊ ရေကူးကန် ၊ gym နဲ့ တချို့နောက်ပိုင်း ကွန်ဒိုတွေဆိုရင် အလုပ်လုပ်ဖို့အတွက် ရုံးခန်း ၊ စာကြည့်တိုက်တို့ စသဖြင့်စသဖြင့်ထားပေးတဲ့ Amenties တွေကတော့ အများကြီးပါပဲ။ ဒီနေရာမှာ လမ်းမပေါ်နဲ့ဝေးနေပေမယ့် ၁၅ မိနစ် ဒါမှမဟုတ် နာရီဝက်တစ်ခါထွက်တဲ့ Shuttle Bus တွေရှိရင် သွားရေးလာရေး သာတယ်လို့ဆိုနိုင်ပါတယ်။

အခြားသော စဉ်းစားသင့်သော အချက်များ

မီတာခ

တိုက်ခန်းတချို့နဲ့  ကွန်ဒိုအဟောင်းတွေမှာ ကျသင့်တဲ့ မီတာခ တခုနဲ့တခုမတူပါဘူ။ တစ်ယူနစ်ကို ၄.၇ ဘတ်ကျတာနဲ့  ၇ ဘတ်ကျတာဆိုပြီးရှိပါတယ်။ တချို့ အိမ်တွေ စျေးသက်သာတယ်ဆိုတာ မီတာခ ယူနစ်စျေးကြီးနေလို့လည်း ဖြစ်ပါတယ်။ သိသာလို့လားလို့မေးရင်တော့ နွေရာသီဆို တော်တော်သိသာပါတယ်။ စျေးက နှစ်ဆလောက်ကွာသွားတာကိုး။ ထိုင်းနိုင်ငံမှာ မီတာခဘယ်လိုတွက်လဲသိချင်ရင်တော့ ဒီမှာ ဖတ်နိုင်ပါတယ်။

အိမ်သက်တမ်း

ဒါကတော့ အိမ် သက်တမ်းကြာရင်ကြာသလို ပျက်စီးယိုယွင်းတာတွေရှိတက်ပါတယ်။ မိုးရာသီမိုးယိုတာတို့ ဆေးသုတ်ထားတာ ကွာနေတာတို့ပေါ့။ များသောအားဖြင့် အိမ်ရှင်ကိုပြောရင် ပြန်ပြင်ပေးလေ့ရှိပါတယ်။ ခဏခဏပြင်နေရတာတို့  တခါပြင်ခိုင်းရင်အကြာကြီးနေမှ ပြင်ပေးတာတို့လည်း ဖြစ်တတ်လို့ ထည့်သွင်းစဉ်းစားရမယ့်အချက်တစ်ခုပါ။ ဒါအပြင် အကုန်မဟုတ်ပေမယ့် ဒီက ကွန်ဒိုတချို့က  သက်တမ်းကြားသွားရင် Service အရမ်းမကောင်းတော့ပါဘူး။

After Service

ဒီနေရာ အခန်းအမျိုးအစားတင်မကပဲနဲ့  ၊ ငှားပြီး ကြုံရမယ့်ကိစ္စတွေကို ဖြေရှင်းပေမယ့်လူလိုပါတယ်။ အိမ်ကပစ္စည်းပျက်တာကအစ အစိုးရရုံးပိုင်းဆိုင်ရာ စာရွက်စာတမ်းတွေကို ပံပိုးပေးတာကအစပါ။ ဥပမာ ရုံးတော်တော်များများမှာ နေထိုင်ကြောင်းထောက်ခံချက် (TM30) တောင်းလေ့ရှိပြီးတော့ အိမ်ရှင်ကပံပိုးပေးရတာပါ။

စပေါ်

အိမ်ငှားရင်ပုံမှန်အားဖြင့် စရံပထမဆုံးလနဲ့  စပေါ်နှစ်လပေးရတာများပါတယ်။ ကိုယ်က ထပ်မငှားဖြစ်လို့ ပြောင်းရင် အပြစ်ရှာပြီး စပေါ်ပြန်မပေးတာမျိုးလည်းရှိတက်ပါတယ်။ အဲဒါကြောင့် ယုံကြည်ရတဲ့ ပွဲစား ဒါမှမဟုတ် နာမည်ရပြီးသား website တွေက ငှားရင်ပိုစိတ်ချရပါတယ်။  စချုပ်ကတည်းက ဓာတ်ပုံ video record တွေရှိပြီးသားဆိုတော့ သိပ်ပြီးတော့ အငြင်းပွားစရာမရှိပါဘူး။

အိမ်ရှာရမည့် နည်းလမ်းများ

ဒီမှာ အိမ်ရှာဖို့အတွက် facebook group တွေ page တွေရှိသလို ၊ website တွေလည်းရှိပါတယ်။ကျွန်တော်ကိုယ်တိုင်လည်း Group အစုံ ၊ Page အစုံ ၊ Website အစုံကြည့်ပြီးရှာတာပါ။ Website ပေါ်မူတည်ပြီးကြိုက်တဲ့မကြိုက်တဲ့ feature တွေလည်းရှိပါတယ်။ ဥပမာ ddproperty ဆိုရင် Map နဲ့ရှာရတာ တော်တော်အဆင်ပြေတယ်။ PropertyScout ကတော့ Amenties တွေကို filter လုပ်ပြီးရှာရင်အဆင်ပြေပါတယ်။ renthub ဆိုစျေးသက်သာတာများတယ်။ တခြား LivingInsider တို့  Fazwaz တို့လည်းရှိပါသေးတယ်။  ကိုယ်ကြိုက်တဲ့အခန်းတွေ့ရင် ဆက်ပြီး Line ကနေဆက်သွယ်ရတာများ ပါတယ်။

Read more

ကျွန်တော်နဲ့ Session Hijacking

ကျွန်တော်နဲ့ Session Hijacking

ပြီးခဲ့တဲ့ ရက်ပိုင်းက Discord အကောင့် hack ခံလိုက်ရတယ်။ Discord အကောင့်ဆိုတာက တော်တော် လက်မမြန်လိုက်ရင် ရှိသမျှအကောင့်အကုန်ပါသွားမှာ။ အဲ့ဒီတော့ အတွေ့အကြုံနဲ့ ဘယ်လိုတွေ သတိထားရမလဲ

By K
Two Women sitting on table (unsplash)

Developer အင်တာဗျူးအတွေ့အကြုံ (၂)

အပိုင်း ၂ ကိုရောက်လာပြီဆိုတော့ အခြေအနေတော်တော်ကောင်းနေပြီ ပြောလို့ရပါတယ်။ အပိုင်း (၁) မှာတုန်းက Resume နဲ့ Introductory အကြောင်းပြီးပြီဆိုတော့ ကျန်တဲ့ အဆင့်တွေကို ဆက်ပြောလိုက်ရအောင်။

By Kelvin Morris